ကျောက်တော်တွင် ရာအိမ်မှူးတစ်ဦးနှင့် ဆယ်အိမ်မှူးတစ်ဦး မိုင်းထိ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ရာအိမ်မှူးတစ်ဦးနှင့် ဆယ်အိမ်မှူးတစ်ဦးတို့ကို တပ်မတော် စစ်ကြောင်းတစ်ခုမှခေါ်ဆောင်သွားစဉ် သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက မိုင်းထိမှန်ပြီး တစ်ဦးသေဆုံးကာ ကျန်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာတွေရရှိသွားကြောင်း မိသားစုဝင်များထံမှသိရသည်။

07 Aug 2019

ခိုင်ရိုးလ | DMG
သြဂုတ် ၇၊ ကျောက်တော်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ရာအိမ်မှူးတစ်ဦးနှင့် ဆယ်အိမ်မှူးတစ်ဦးတို့ကို တပ်မတော် စစ်ကြောင်းတစ်ခုမှခေါ်ဆောင်သွားစဉ် သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက မိုင်းထိမှန်ပြီး တစ်ဦးသေဆုံးကာ ကျန်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာတွေရရှိသွားကြောင်း မိသားစုဝင်များထံမှသိရသည်။

ကျောက်တော်မြို့နယ် မာလာကျေးရွာအုပ်စု ခပေါ်ကျေးရွာမှ ရာအိမ်မှူး ဦးလှမောင် ၃၅ နှစ်နှင့် ဆယ်အိမ်မှူး ဦးသောကြာအောင် ၅၁ နှစ်တို့ကို ၎င်းတို့ကျေးရွာနှင့် တစ်မိုင်ကျော်ဝေးသည့် မာလာကျေးရွာသို့ တပ်မတော် စစ်ကြောင်းတစ်ခုမှခေါ်ဆောင်သွားစဉ် တောင်ကြားလမ်းတစ်နေရာတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုင်းနင်းမိခဲ့သောကြောင့် ရာအိမ်မှူး ဦးလှမောင်၏ ဘယ်ခြေထောက်တွင် မိုင်းထိမှန်ခဲ့သဖြင့် ဆေးရုံ ပို့ဆောင်ရန်ပြင်ဆင်စဉ် မာလာကျေးရွာဆိပ်ကမ်း၌သေဆုံးသွားခဲ့ပြီး ဆယ်အိမ်မှူး ဦးသောကြောအောင် မှာလည်း ခန္ဓာကိုယ်တွင်မိုင်းစထိမှန်ကာ ကျောက်တော်အခြေစိုက် တပ်မတော်တပ်ရင်းတစ်ခုတွင် ဆေးကုသမှု ခံယူနေရကြောင်း ဦးသောကြာအောင်၏အစ်ကို ဦးပန်းသာက DMG ကိုပြောသည်။

“ကျွန်တော့်ညီက ဆယ်အိမ်မှူးဖြစ်ပါတယ်။ သေဆုံးသွားတာက ရာအိမ်မှူးပါ။ သူတို့ကို တပ်မတော်က ခေါ်ဆောင်ပြီး လမ်းပြတဲ့အချိန်မှာ မိုင်းပေါက်ကွဲတယ်။ ဒါကြောင့် ကျွန်တော့်ညီက ဒဏ်ရာရတယ်။ ဒဏ်ရာက ခန္ဓာတစ်ကိုယ်လုံးဆိုရမှာ။ မိုင်းယမ်းစတွေထိသွားတာ။ မျက်လုံးတွေကိုလည်း ထိသွားတယ်။ အခုတော့ (၃၇၅) တပ်ရင်းမှာ ဆေးကုသမှုခံနေတယ် ” ဟု ၎င်းကပြောသည်။

မိုင်းထိမှန်မှုကြောင့် သေဆုံးခဲ့ရသည့် ရာအိမ်မှူး ဦးလှမောင်၏ ရုပ်အလောင်းအား အခင်းဖြစ်ပွားသည့်နေ့ ညနေ ၃ နာရီကျော်အချိန်တွင် ခပေါ်ကျေးရွာသုဿန်၌ ၎င်းတို့၏ဓလေ့ထုံးတမ်းအတိုင်း သဂြိုဟ်ခဲ့ကြောင်း သိရသည်။ ခပေါ်ကျေးရွာသည် အိမ်ခြေ ၁၀၀ ခန့်သာရှိသည့် မြိုတိုင်းရင်းသားကျေးရွာတစ်ရွာဖြစ်သည်။

မိုင်းထိမှန်ခဲ့သည့် ခပေါ်ကျေးရွာ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးတို့ နှစ်ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုမှ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များမှပြောသော်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ၎င်းတို့နှစ်ဦးကို တပ်မတော်မှလမ်းပြခေါ်ဆောင်သွားခြင်းမဟုတ်ကြောင်း ငြင်းသည်။

“ဆေးကုပေးတာကတော့ ကျွန်တော်တို့ကခေါ်ပြီး ဆေးကုပေးတာ။ သူတို့က တောထဲဘာညာ သွားရင်းနဲ့ မိုင်းထိတာ၊ ဆွဲမိုင်းထိတာ။ ဘာမှ ကျွန်တော်တို့က လမ်းပြခေါ်တာမဟုတ်ဘူး ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ဖြစ်ပွားနေသည့်တိုက်ပွဲ ၈ လာကျော်ကြာ အတွင်း မိုင်းနှင့် တိုက်ပွဲကျန်လက်နက်ကြီးကျည်ပေါက်ကွဲမှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှု တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်။

ဗီဒီယိုများ