ကျောက်တော်မြို့နယ်တွင် ဓားပြတိုက်မှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သင်းဂနက်ကျေးရွာတွင် ယမန်နေ့ (မေလ ၉ ရက်) ညဉ့်အချိန်က ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

10 May 2021

DMG ၊ မေ ၁၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သင်းဂနက်ကျေးရွာတွင် ယမန်နေ့ (မေလ ၉ ရက်) ညဉ့်အချိန်က ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

သင်းဂနက်ကျေးရွာမှ ဒေါ်ဆန်းကျော့ဝင်းမှာ ယမန်နေ့ ညဉ့် ၉ နာရီခွဲအချိန်ခန့်က မိမိနေအိမ်၌ရှိနေစဉ် ခြံအနောက်ဘက်မှ အသက်(၂၅)နှစ်အရွယ် လူငယ်(၂)ဦးဝင်ရောက်လာကာ ၎င်းအားဓားထောက်ပြီး ဖမ်းဆီး ချုပ်နှောင်ကာ နေအိမ်ရှိငွေများကိုယူဆောင်သွားခြင်းဖြစ်ကြောင်း သင်းဂနက်ကျေးရွာသားတစ်ဦးက DMG  သို့ ပြောသည်။

“သူ့ယောက်ျား အပြင်ခဏထွက်သွားတဲ့အချိန် မိနစ် ၂၀ ကြားမှာဖြစ်သွားတာ။ သူက အိမ်မှာထိုင်နေတယ်။ အနောက်ဘက်က ခြံတံပါးပေါက်ကိုလည်းမပိတ်ထားတော့ အဲဒီလူ ၂ ယောက်က အနောက်ဘက်က ဝင်လာ ကြတာ။ သူလည်း အသံကြားတယ်ဆိုပြီး ဓာတ်မီးနဲ့သွားကြည့်တော့ ဓာတ်မီးကိုလက်နဲ့ခါချလိုက်ပြီး ပါးစပ် ပိတ်ပြီးဖမ်းတာ။ ပြီးတော့ငွေတွေရှာပြီး အကုန်ယူသွားကြတယ်လို့ ကာယကံရှင်ကတော့ ကျနော်တို့ သွားကြည့်တဲ့အချိန်မှာ အဲလိုပြောတာပဲ’’ ဟု ၎င်းကျေးရွာသားကဆိုသည်။

ဓားပြတိုက်ခံရမှုကြောင့် ဒေါ်ဆန်းကျော့ဝင်းတို့တွင် ငွေသား သိန်း(၂၀)ကျော်ခန့်ပါသွားပြီး အဆိုပါငွေများမှာ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စေတီတည်ရန်အတွက် ရန်ပုံငွေကောက်ခံထားသည့် ငွေများဖြစ်သည်ဟု ဒေါ်ဆန်းကျော့ဝင်း၏ ခင်ပွန်း ဦးမောင်သန်းကပြောသည်။

“အစကတော့ ရွာကရပ်မိ၊ရပ်ဖတွေဆီကို အပ်မလို့ဘဲ။ သူတို့ကလည်း ငွေမစုံသေးတော့ မင်းဆီမှာပဲ သိမ်းထားအုံးဆိုလို့ သိမ်းထားတာ။ အဲဒီငွေတွေ ကျနော့်ဆီမှာရှိမှန်းသိလို့ လာတိုက်ကြတာထင်တယ်။ ငွေစုစုပေါင်းက ၂၈ သိန်းရှိတာ။ အဲဒီထဲကမှ ကျနော့် ဇနီးကလိုက်ပြီးလုထားလိုက်လို့ ၈ သိန်းလောက်ပြန်ရ လိုက်တယ်။ ကျနော့်ဇနီးကိုလည်း ရင်ဘတ်ကိုခြေထောက်နဲ့ကန်သွားတယ်။ ပါသွားတဲ့ ငွေတွေက ရွာပိုင်ဆိုတော့ ကျနော့်မှာရှိတဲ့လယ်တွေရောင်းပြီး အလျှော်ပေးရတော့မှာပေါ့” ဟု ၎င်းကဆိုသည်။

သင်းဂနက်ကျေးရွာတွင် ယမန်နေ့က ရှင်ပြုပွဲရှိသဖြင့် ဆောင်းဘောက်သံများဖြင့် ဆူညံနေသလို အနီး ပတ်ဝန်းကျင်မှဒေသခံများမှာလည်း ပွဲသို့ညတရားနာရန်သွားနေကြသဖြင့် လူသူနည်းပါးနေသည့်အချိန်တွင် ဓားပြဝင်တိုက်သွားခြင်းဖြစ်ကြောင်း ဦးမောင်သန်းက ဆက်ပြောသည်။

လက်ရှိတွင် ဓားပြတိုက်ခံရမှုနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်ရမည်ကိုမသိသေးသဖြင့် သက်ဆိုင်ရာသို့ တစ်စုံတစ်ရာတိုင်ကြားထားခြင်း မရှိသေးကြောင်းလည်း ကာယကံရှင်များကဆိုသည်။

ဗီဒီယိုများ