ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာနေအိမ်တချို့မီးလောင်

ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ကွမ်းတောင်ရွာက သူတွေက စေတီတောင်က မြင်နေရတယ်။ အဲဒီမှာစစ်တပ်ရှိတယ်။ စေတီတောင်ဘက်ကနေ ကွမ်းတောင် ကို လှမ်းမြင်ရတယ်။ မီးရှို့တာကို မြင်ရတယ်”ဟု ပြောသည်။

By ဝင်းညွန့် 04 Oct 2019

ဘူးသီးတောင်မြို့နယ်၊ကွမ်းတောင်ကျေးရွာရှိနေအိမ်များ မီးလောင်နေပုံ

ဝင်းညွှန့်၊ချလူးအောင်|DMG

အောက်တိုဘာ ၄၊ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ကွမ်းတောင်ကျေးရွာတွင် ယနေ့ အောက်တိုဘာလ ၄ ရက်နေ့၊နေ့လယ် ၂ နာရီခန့်က နေအိမ်တချို့ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှ အောင်က DMG ကိုအတည်ပြုပြောသည်။

ကွမ်းတောင်ကျေးရွာတွင် အိမ်ခြေ (၆၀)ခန့်ရှိပြီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် လွန်ခဲ့သည့် ဧပြီလကပင် စေတီတောင် စစ်ဘေးရှောင်စခန်းနှင့်ဘူးသီးတောင်မြို့ စစ်ဘေးရှောင်စခန်းတို့တွင် ရွာလုံးကျွတ် ခိုလှုံနေရ သောကြောင့် လက်ရှိကျေးရွာတွင် လူမရှိပေ။

“မီးလောင်တာကိုတော့ သတင်းရပါတယ်။ နေအိမ်ဘယ်လောက် လောင်သွားတာကိုတော့ အတိအကျမပြောနိုင်ပါဘူး”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ဆိုသည်။

ကွမ်းတောင်ကျေးရွာသို့ လွန်ခဲ့သည့် သုံးရက်ခန့်ကစတင်ပြီး တပ်မတော်က ရောက်ရှိနေသည်။ ရွာရှိနေအိမ် များကို တပ်မတော်က မီးရှို့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက စွပ်စွဲပြောဆိုသည်။

ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ကွမ်းတောင်ရွာက သူတွေက စေတီတောင်က မြင်နေရတယ်။ အဲဒီမှာစစ်တပ်ရှိတယ်။ စေတီတောင်ဘက်ကနေ ကွမ်းတောင် ကို လှမ်းမြင်ရတယ်။ မီးရှို့တာကို မြင်ရတယ်”ဟု ပြောသည်။

ဒေသခံများ စွပ်စွဲချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းရာ တွင် မီးရှို့ခြင်းမရှိဟု တုန့်ပြန်သည်။

ဗီဒီယိုများ