ပုဏ္ဏားကျွန်းမြို့နယ်တွင် အစိုးရထောက်ပံ့ငွေ မရရှိသည့်ကိစ္စဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာတွင် ကိုဗစ်ကာလ အခြေခံလူတန်းစားများအတွက် အစိုးရကထောက်ပံ့သည့်ငွေများအား ကျေးရွာအုပ်ချုပ်ရေးမှူးမှ မပေးဟုဆိုကာ ကျေးရွာအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

By နှင်းနွယ် 05 Oct 2020

နှင်းနွယ် | DMG
အောက်တိုဘာ ၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာတွင် ကိုဗစ်ကာလ အခြေခံလူတန်းစားများအတွက် အစိုးရကထောက်ပံ့သည့်ငွေများအား ကျေးရွာအုပ်ချုပ်ရေးမှူးမှ မပေးဟုဆိုကာ ကျေးရွာအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

ကျွဲထိုးကျေးရွာတွင် အိမ်ခြေ ၃၃၀ ရှိရာ အစိုးရက အိမ်ခြေအားလုံးအတွက် ထောက်ပံ့ငွေများ ထုတ်ပေးထား သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်အိမ်ထောင်လျှင် ၂၅၀၀၀ ကျပ်နှုန်းဖြင့် အိမ်ခြေ (၁၀၀)ကျော်ကိုသာ ငွေထုတ်ပေးခဲ့ကြောင်း ကျွဲထိုးကျေးရွာ၏ ရာအိမ်မှူး ဦးလှမောင်က DMG သို့ပြောသည်။

“စာရင်းကျလာတဲ့အခါ တစ်ရွာလုံးအတွက် ကျတယ်။ ဒါပေမယ့် သူ့ရဲ့ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ ရင်းနှီးတဲ့ သူတွေပဲ ရကြတယ်။ အုပ်ချုပ်ရေးမှူးကိုသွားပြောရင် ငါပေးသလောက်ပဲယူ၊ ငါပေးတာကိုမယူရင် ကြိုက်တဲ့ နေရာမှာသွားတိုင်ပြောတော့ ရွာသားတွေက အဲဒီစကားကို မကျေနပ်တဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ကြတာ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါကျေးရွာတွင် အစိုးရကပထမအကြိမ်နှင့် ဒုတိယအကြိမ် ငွေထောက်ပံ့ခဲ့စဉ်ကလည်း တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သောင်းနှုန်းသာရရှိခဲ့ပြီး တစ်ခြားကျန်ရှိသည့်ငွေများအား ကျေးရွာ အုပ်ချုပ်ရေးမှူးက ကိုယ်ကျိုးအတွက်သာသုံးခဲ့ကြောင်း ရွာသားများက စွပ်စွဲကြသည်။

“ကျမတို့ကို လယ်လုပ်စားတယ်ဆိုပြီးတော့မပေးဘဲ လယ်တွေအများကြီးရှိတဲ့ သူတို့ဆွေမျိုးတွေကျတော့ ပေးတယ်။ တိုက်အိမ်တွေနဲ့လူတွေ သူတို့ပေးချင်တဲ့လူကို ပေးတဲ့သဘောဖြစ်နေတယ်။ ကျမတို့ကတော့ တန်းတူညီမျှ လိုချင်တယ်’’ ဟု ကျွဲထိုးကျေးရွာမှ ဒေါ်မမြင့်အေးကပြောသည်။

ကျွဲထိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေအောင်စိန်က အိမ်ခြေ(၃၃၀)ထဲမှ အခြေခံလူတန်းစားများဖြစ်သည့် အိမ်ထောင်စု(၂၃၀)ကိုသာ စာရင်းတင်လိုက်ခြင်းဖြစ်ပြီး ယင်းအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရက ထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းနှင့် ပြည်နယ်အစိုးရမှထောက်ပံ့သည့် ငွေကျပ်ခြောက်ထောင်တို့ကို မြို့နယ်ကပေးခိုင်းသည့်ပုံစံအတိုင်း ပေးခြင်းဖြစ်ကြောင်းပြောသည်။

“အခု ကျနော်ပေးတယ်ဆိုတာကလည်း မြို့နယ်ရုံးက ပေးခိုင်းတဲ့ပုံစံအတိုင်း တစ်အိမ်ထောင်ကိုနှစ်သောင်းခွဲ ပေးတယ်။ ကျနော်တို့ လမ်းစရိတ်တစ်ထောင်ဖြတ်တယ်။ အရင်တုန်းက တစ်ရွာလုံးပေးတယ်ဆိုတာကလည်း တစ်ရွာလုံးစာရင်းကျလို့ပေးတာမဟုတ်ဘူး။ အကုန်လုံးကိုရစေချင်တဲ့စိတ်နဲ့ မျှပေးလိုက်တာ။ အခုထပ်ပြီး တစ်ရွာလုံးကိုခွဲပေးရင် ကျနော်လုပ်တာ မှားသွားမှာပေါ့။ ပြီးတော့ အခြေခံလူတန်းစားတွေအနေနဲ့လည်း နှစ်သောင်းခွဲရမယ့်နေရာမှာ တစ်သောင်းခွဲပဲ ရတော့မယ်။ တစ်သောင်းခွဲတည်း ရတယ်ဆိုရင်လည်း ကျနော့်ကို ထပ်တိုင်အုံးမယ်’’ ဟု ကျွဲထိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေအောင်စိန်က ပြောဆိုသည်။

ယခင်ကလည်း ထောက်ပံ့ငွေအပြည့်အဝ မရရှိခြင်းနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးအား  ခရိုင်နှင့် မြို့နယ်များတွင် သွားရောက်တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိကြောင်း ရွာသားများက ဆိုသည်။

ထို့အပြင် ဒုတိယအကြိမ်ကလည်း အုပ်ချုပ်ရေးမှူးသည် ငွေ ၂ သောင်းကျပ်အား တစ်ရွားလုံးကို ပေးထားကြောင်း ကျေးရွာသူ၊သား (၁၀၀)ဦး၏ လက်မှတ်အတုများဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြ ခဲ့ကြောင်း ရာအိမ်မှူး ဦးလှမောင်ကပြောသည်။

“မြေစာရင်းဦးစီးအပါအဝင် ဦးစီးအရာရှိသုံးယောက်က ကျနော့်ကိုခေါ်စစ်ပြီးတော့ ဒါခင်ဗျားလက်မှတ်လားဆိုပြီး ကျနော့်ကိုမေးတယ်။ ကျနော်ကလည်း မဟုတ်ဘူး။ ကျနော်တို့ ငွေသွားထုတ်တဲ့အချိန်က ဘာလက်မှတ်မှ မထိုး ခဲ့ရဘူးဆိုပြီး ပြောလိုက်တယ်။ စာထဲမှာပါတာက အိမ်ထောင်စုတစ်စုစီ ငွေနှစ်သောင်းရရှိကြောင်း လက်မှတ်ထိုး ထားတာ။ အုပ်ချုပ်ရေးမှူးက ကိုယ့်ဟာကို လက်မှတ်အတုထိုးပြီး လုပ်စားထားတာ” ဟု ၎င်းက ဆက်၍ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးကမူ “အရင်အကြိမ်တုန်းက လက်မှတ်ထိုးတယ်ဆိုတာကလည်း ကျနော်တို့မှာ အဲဒီလိုမှ မလုပ်ရင် အဆင်မပြေတော့ဘူး။ တစ်အိမ်ထောင်ကို တစ်သောင်းနှုန်းနဲ့ တစ်ရွာလုံးကိုပေးထားတယ်ဆိုပြီး တင်ပြ လို့မှမရတာ။ စာရင်းမှာပါတဲ့အိမ်လောက်ကိုပဲ အထက်လူကြီးတွေက ပေးခိုင်းထားတာ။ ဒါကြောင့် စာရင်းပါတဲ့ လူတွေအကုန်လုံး နှစ်သောင်းနှုန်းရပါတယ်ဆိုပြီးတော့ လက်မှတ်ထိုးလိုက်ရတာဖြစ်တယ်” ဟု ရှင်းပြသည်။

အလားတူ ကျောက်တော်မြို့နယ်က ကျေးရွာအချို့တွင်လည်း အစိုးရထောက်ပံ့သည့်ငွေများအား လုံးဝမရရှိ သေးသူများလည်း ရှိနေကြကြောင်း သိရသည်။

ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် ယခုလို ကပ်ဘေးကာလတွင် နိုင်ငံတော်က ထောက်ပံ့သည့်ငွေများ၊ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရစေချင်ကြောင်းနှင့် အထက်လူကြီးများအနေဖြင့် ယခုပြဿနာများအား ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် တောင်းဆိုနေကြသည်။

ဗီဒီယိုများ