AA နှင့်ဆက်စပ်ကာ ဖမ်းဆီးခံထားရသူတို့အမှုကို အကြောင်းပြချက်ခိုင်ခိုင်မာမာမရှိဘဲ အမိန့်ချမည့်ရက် ရွှေ့ဆိုင်း

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာသား(၅)ဦး၏အမှုကို ယနေ့(မေလ ၁၉ ရက်)တွင် စစ်တွေခရိုင်တရားရုံးမှ အမိန့်ချမှတ်ရန် ချိန်းဆိုထားသော်လည်း အမိန့်မချဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုထံမှသိရသည်။

19 May 2022

DMG ၊ မေ ၁၉

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာသား(၅)ဦး၏အမှုကို ယနေ့(မေလ ၁၉ ရက်)တွင် စစ်တွေခရိုင်တရားရုံးမှ အမိန့်ချမှတ်ရန် ချိန်းဆိုထားသော်လည်း အမိန့်မချဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုထံမှသိရသည်။

“ဇွန်လ ၁ ရက်နေ့ကို ချိန်းလိုက်ပါတယ်။ ဘာကြောင့် ထပ်ချိန်းလိုက်တာလဲဆိုတော့ သူတို့က အထက်က အမိန့်ချခွင့်မပေးသေးဘူး။ နောက်ထပ်အမိန့်ချခွင့်ပေးတဲ့နေ့ အမိန့်ချပေးမယ်လို့ပြောပါတယ်”ဟု တရားရင်ဆိုင်နေရသူ ကိုညီညီအောင်၏ မိခင် ဒေါ်နီနီအေးက DMG သို့ပြောသည်။

ဖမ်းဆီးတရားစွဲဆိုခံထားရသူများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄) နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂) နှစ်တို့ဖြစ်ကြသည်။

၎င်းတို့(၅)ဦးကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆိပ်ကျေးရွာအတွင်း ဝင်ရောက်လာသည့် မြန်မာစစ်တပ်မှဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ၎င်းတို့တရားရင်ဆိုင်နေရသည်မှာ ၂ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည်။

ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို AA နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၅၀)တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့သည်။

လက်ရှိတွင် ၎င်းတို့ကိုစွဲဆိုထားသည့်အမှုမှာ သက်သေများအားလုံးကိုစစ်ဆေးပြီးဖြစ်၍ အမိန့်ချမှတ်ရန်သာ ကျန်ရှိတော့သည်။ သို့သော် ယနေ့ရုံးချိန်းတွင် အမိန့်မချဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်သည့်အတွက် တရားရင်ဆိုင်နေရသူများတွင် နစ်နာမှုရှိသည်ဟု မိသားစုဝင်များကပြောဆိုသည်။

“AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကလည်း ရုတ်သိမ်းပြီးပြီ။ ဘာဖြစ်လို့များ မလွှတ်ပေးတာလဲလို့ ကျမမေးချင်ပါတယ်။ နောက်ရုံးချိန်းဆိုရင် ကျမလာနိုင်မှာမဟုတ်တော့ဘူး။ ဒီနေ့လာရကလည်း စားဝတ်နေရေး အခက်အခဲတွေကြားထဲက လာရတာ”ဟု ကိုညီညီအောင်၏မိခင် ဒေါ်နီနီအေးကပြောသည်။

ULA/AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ရုပ်သိမ်းကြောင်း စစ်ကောင်စီလက်အောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီမှ ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတရားရင်ဆိုင်နေရသည့် ကျောက်ဆိပ်ရွာသား ၅ ဦးတို့မှာ ဖမ်းဆီးချုပ်နှောင်ခံရစဉ်အတွင်း စစ်ရေယာဉ်ပေါ်တွင် စစ်သားများ၏ ထိုးကြိတ်၊ ကန်ကျောက် နှိပ်စက်ခြင်းကိုလည်း ခံခဲ့ရသေးသည်။

အလားတူ ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရပြီး အမိန့်ချရန် တစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည့် ပုဏ္ဏားကျွန်းမြို့၊ အိုင်ဒင်ကျေးရွာမှ ဒေသခံနှစ်ဦးကိုလည်း ယနေ့ရုံးချိန်းတွင် အမိန့်ချမှတ်ခြင်းမရှိဘဲ ဇွန်လ ၂ ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုဝင်များထံမှသိရသည်။

အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး (၂၅)နှင့် ဦးမောင်စောအေး‌(ခေါ်)မျိုးမင်းထွန်း (၃၂)နှစ်တို့ကို ၂၀၂၀ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် စစ်တွေမှ ပုဏ္ဏားကျွန်းသို့ဆိုင်ကယ်ဖြင့်အပြန်တွင် ကျောက်တန်းစစ်ဆေးဂိတ်၌ ဖမ်းဆီးခဲ့သည်။ ထို့နောက် အမှတ်(၉၀၈) စစ်တွေမြို့၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီး အောင်ဖြိုးမြင့်ကတရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)ဖြင့် တရားစွဲဆိုခဲ့သည်။

ကိုနေလင်းဌေး၏ ဖခင် ဦအောင်စံမြက “စားဝတ်နေရေးက တစ်စရိတ်၊ ရုံးချိန်းကိုလာဖို့ကလည်း ငွေရေးကြေးရေးက လိုသေးတယ်လေ”ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့တွင် စစ်ကောင်စီက မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အကျဉ်းသား ၁၆၀၀ ကျော်ကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးခဲ့သော်လည်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသူ တစ်ဦးတစ်ယောက်မျှ မပါဝင်ခဲ့ပေ။

လက်ရှိတွင် AA နှင့်ဆက်စပ်သံသယဖြင့် တရားရုံးအသီးသီးတွင် တရားရင်ဆိုင်နေရသူ ၇၀ ဦးခန့်ရှိနေ သေးကြောင်း စာရင်းကောက်ယူထားသည့် အရပ်ဖက်အဖွဲ့အစည်းများထံမှသိရသည်။

ဗီဒီယိုများ