ကျိုက်မရော ချောင်းနှစ်ခွတံတားတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထား

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားစစ်ဆေးရေးဂိတ်တွင် ယနေ့(မတ်လ ၁၉ ရက်)နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယာဉ်များဖြတ်သန်းသွားလာခွင့်ကို လက်ရှိအချိန်အထိပိတ်ထားကြောင်း ဒေသခံများထံမှသိရသည်။

19 Mar 2022

ယနေ့ နံနက်အစောပိုင်း၌ ချောင်းနှစ်ခွတံတားစစ်ဆေးရေးဂိတ်ပစ်ခတ်ခံရမှုကြောင့် မြန်မာစစ်တပ်မှ ပိတ်ဆို့စစ်ဆေးနေစဉ်။

DMG ၊ မတ် ၁၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားစစ်ဆေးရေးဂိတ်တွင် ယနေ့(မတ်လ ၁၉ ရက်)နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယာဉ်များဖြတ်သန်းသွားလာခွင့်ကို လက်ရှိအချိန်အထိပိတ်ထားကြောင်း ဒေသခံများထံမှသိရသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်နှစ်ခုကြားရှိ ချောင်းနှစ်ခွတံတားစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်အစောပိုင်း၌ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုမှ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရဲနှစ်ဦးထိခိုက်ခဲ့ပြီး တစ်ဦး သေဆုံးခဲ့သည်။

ယနေ့ညနေပိုင်းအထိ တံတားဖြတ်သန်းခွင့်ပိတ်ထားဆဲဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျိုက်မရောဒေသခံတစ်ဦးမှ DMG ကို ပြောသည်။

"မနက်အစောပိုင်းမှာ တံတားစစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့တဲ့အတွက် ရဲတစ်ဦးသေတယ်။ နှစ်ဦးထိခိုက်ဒဏ်ရာရရပါတယ်။ ဘယ်အဖွဲ့ကပစ်သွားမှန်းတော့ မသိရဘူး။ အခုအထိ တံတားကိုပိတ်ထားလိုက်ပြီ။ ကြာအင်းဆိပ်ကြီးကလူတွေလည်း လာမရဘူး။ ကျိုက်မရောကသူတွေလည်း ထွက်မရဖြစ်နေတယ်။ တံတားပြန်ဖွင့်တဲ့အချိန်ကို စောင့်ရမဲ့သဘောရှိပါတယ်"ဟု ၎င်းမှပြောသည်။

ထိုပစ်ခတ်မှုဖြစ်ပွားခဲ့သည့် တံတားအနီးမှ ချောင်းနှစ်ခွနှင့် တောင်ကလေးကြား၌ ယနေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

တံတားဂိတ်ပစ်ခတ်ခဲ့မှုအပေါ် မည်သည့်အဖွဲ့မှ လာရောက်ပြုလုပ်သည်ကိုမသိရှိရသော်လည်း KNU တပ်မဟာ(၆)နှင့် ဒေသခံကာကွယ်ရေးတပ်များလှုပ်ရှားမှုရှိနေကြောင်း ကြာအင်းဆိပ်ကြီးမြို့ဒေသခံတစ်ဦးမှ ဆိုသည်။

"တံတားဂိတ်ကိုလာပစ်တာက ဘယ်အဖွဲ့ကမှန်းတော့မသိရဘူး။ ဒီအနီးအနားမှာ အရင်ကတည်းက KNU တပ်မဟာ(၆)နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားနေတာကတော့ကြာနေပါပြီ"ဟု ၎င်းမှဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်းခလရ(၃၂)ရှေ့၌ KNU တပ်မဟာ(၆)၏ KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့မှုကြောင့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး လမ်းမပိုင်းသွားလာရေးပြတ်တောက်ခဲ့သေးသည်။

ဗီဒီယိုများ