ခုံရုံးဖွဲ့စစ်ဆေးပြီးလျှင် ဒေါ်အောင်ဆန်းစုကြည်ထံ အသနားခံစာတင်မည်ဟု AA ပြန်လွှတ်ပေးလိုက်သူများပြော

ရက္ခိုင့်တပ်တော်(AA)က တစ်ရက်ကြာဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်သည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကားဒရိုင်ဘာ (၁၆)ဦးကို ခုံရုံးဖွဲ့စစ်ဆေးမည်ဖြစ်ရာ ယင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံတင်ပြမည်ဟု ပြန်လွတ်လာသူ ဒု-ကြီးကြပ်ရေးမှူး ဦးဇော်ထွန်းဦးက DMG ကို ပြောသည်။ 

By ခိုင်ရိုးလ 10 Jan 2020

ခုံရုံးဖွဲ့စစ်ဆေးပြီးလျှင် ၎င်းတို့ကို ရာထူးချမည်(သို့မဟုတ်)အလုပ်က ထုတ်ပယ်သည်အထိ ဖြစ်လာနိုင်သည်။ (ဓာတ်ပုံ - AA)

ခိုင်ရိုးလ | DMG
ဇန်နဝါရီ ၁၀၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)က တစ်ရက်ကြာဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်သည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကားဒရိုင်ဘာ (၁၆)ဦးကို ခုံရုံးဖွဲ့စစ်ဆေးမည်ဖြစ်ရာ ယင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံတင်ပြမည်ဟု ပြန်လွတ်လာသူ ဒု-ကြီးကြပ်ရေးမှူး ဦးဇော်ထွန်းဦးက DMG ကို ယနေ့ပြောသည်။

၎င်းတို့ကို တာဝန်ကျရာနေရာသို့ မသွားရောက်ဟုဆိုကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ (၁၇)ရက် နေ့တွင် ခုံရုံးဖွဲ့စစ်ဆေးမည်ဟု အကြောင်းကြားလာသည်။ ထို့ကြောင့် ခုံရုံဖွဲ့စစ်ဆေးပြီးလျှင် ဒေါ်အောင်ဆန်းစုကြည် ကို သွားရောက်တွေ့ဆုံကာ အသနားခံစာတင်ပြမည်ဟု ၎င်းကဆက်လက်ပြောသည်။

“ နိုင်ငံတော်ပင်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သွားတွေ့မယ်ဆိုတာက ကျနော်တို့ကို ရက်ရက်စက်စက် အလုပ်ကထုတ်လိုက်ရင် မိသားစုတွေ ဘဝပျက်မယ်ဆိုတော့ ဒီအရေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို သွားပြီး အသနားခံပြီး ရှင်းပြချင်တာပါ” ဟု ဦးဇော်ထွန်းဦးက ဆိုသည်။

ခုံရုံးဖွဲ့စစ်ဆေးပြီးလျှင် ၎င်းတို့ကို ရာထူးချမည်(သို့မဟုတ်)အလုပ်က ထုတ်ပယ်သည်အထိ ဖြစ်လာနိုင်သည်ဟု ၎င်းကဆက်လက်ပြောသည်။

စစ်တွေ-ဘူးသီးတောင်မြို့သို့ပြေးဆွဲနေသော အောင်တံခွန်(၇)ရေယာဉ်ကို ဒီဇင်ဘာလ (၃၁)ရက်နေ့က ရသေ့တောင်မြို့နယ်၊ စဖိုကျွန်းအနီးတွင် AA ကတားဆီးကာ အဆိုပါ (၁၆)ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို စစ်ဆေးပြီးနောက် စစ်ဖက်နှင့် သက်ဆိုင်သူများ၊ မသင်္ကာဖွယ်ရာရှိသူများ မဟုတ်ဟုဆိုကာ ဇန်နဝါရီလ (၁)ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

အဆိုပါ (၁၆)ဦးမှာ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကားဒရိုင်ဘာများဖြစ်ကြပြီး ပြန်လည်လက်ခံရေးစခန်းများတွင် မော်တော်ကားများကို မောင်းနှင်ရန်အတွက် မောင်တောမြို့သို့ လာရောက်ခြင်းဟု ခရိုင်အုပ်ချုပ်ရေးမှူးရုံးက သိရသည်။

Related Post : အောင်တံခွန်(၇)ရေယာဉ်ပေါ်မှ ဖမ်းဆီးခဲ့သည့် ကားဒရိုင်ဘာ (၁၆)ဦးကို AA ပြန်လွှတ်ပေး

ဗီဒီယိုများ