ပုဏ္ဏားကျွန်းတွင် တောင်သူတစ်ဦး အသတ်ခံရ၊ တစ်ဦးပျောက်ဆုံးနေ

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာနှင့် တစ်မိုင်ကျော်ကွာဝေးသည့် တဲများတွင် ဇန်နဝါရီ ၅ ရက်နေ့ ညအချိန်ခန့်က တလင်းသိမ်းနေသည့် ဒေသခံတောင်သူတစ်ဦး သတ်ဖြတ်ခံရပြီး တစ်ဦးပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

By မျိုးသီရိကျော် 06 Jan 2021

ဓာတ်ပုံ- facebook/ ခိုင်စံလင်း

မျိုးသီရိကျော် | DMG
ဇန်နဝါရီ ၆ ၊ စစ်တွေ

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာနှင့် တစ်မိုင်ကျော်ကွာဝေးသည့် တဲများတွင် ဇန်နဝါရီ ၅ ရက်နေ့ ညအချိန်ခန့်က တလင်းသိမ်းနေသည့် ဒေသခံတောင်သူတစ်ဦး သတ်ဖြတ်ခံရပြီး တစ်ဦးပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

သေဆုံးသူမှာ ဦးထွန်းသိန်း (အသက် - ၅၂ နှစ်) ဖြစ်ပြီး ပျောက်ဆုံးနေသူမှာ ဦးအောင်နိုင် (အသက် ၃၄ နှစ်) တို့ ဖြစ်သည်။ ၎င်းတို့မှာ ကျော်ဇံကျေးရွာကဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေရာ (တဲများ) မှာလည်း နီးနီးကပ်ကပ်ဖြစ်သည်။

ဦးထွန်းသိန်းမှာ ပါးစပ်၊ လက်နှစ်ချောင်း၊ ခြေနှစ်ချောင်းတို့တွင် ကြိုးတုတ်ပြီး ကျောကုန်းနှင့် ဦးခေါင်းတို့တွင် ရိုက်နှက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီး ဦးအောင်နိုင်မှာ ယင်း ဇန်နဝါရီ ၅ ရက်နေ့ ညတွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသွားသူ ဦးထွန်းသိန်းမှာ တလင်းသိမ်းရန် ညအိပ်စောင့်ဆိုင်းနေစဉ် အသတ်ခံရခြင်းဖြစ်သည်ဟု ယောက်ဖတော်စပ်သူ ဦးလှစိန်ထွန်းက DMG သို့ ပြောသည်။

“ ဒီနေ့ မနက်ပိုင်းက သူရဲ့သားက တဲကိုသွားကြည့်တဲ့အခါ သူ့ရဲ့ ပါးစပ်တွေ၊ ခြေထောက်တွေမှာ ပုဆိုးတွေနဲ့ ရစ်ပတ်ပြီး သေဆုံးနေတာကို တွေ့ရပါတယ်။ လုပ်စားနေတဲ့ နွားတွေလည်း ပါသွားတယ်။ လူတစ်ယောက်လည်း ဆုံးရှုံးလိုက်ရတော့ အတော်လည်း ဝမ်းနည်းပါတယ်။ သားသမီးတွေလည်း အကုန်လုံး အသက်အရွယ် အငယ်လေးပဲ ရှိပါတယ်” ဟု ဆိုသည်။

ဦးထွန်းသိန်းမှာ သေဆုံးသွားသည့်အပြင် ၎င်းပိုင်ဆိုင်သည့် နွား (၆) ကောင်းလည်း ပျောက်ဆုံးသည်ဟု ဦးလှစိန်ထွန်းက ပြောသည်။

ပျောက်ဆုံးသွားသည့် ဦးအောင်နိုင်မှာ မည်သူမည်ဝါ ဖမ်းဆီးသွားခြင်းမသိရသည့်အတွက် မိသားစုဝင်များမှာ အလွန်စိုးရိမ်နေကြောင်း ယောက်ဖတော်စပ်သူ ဦးထွန်းမောင်က ပြောသည်။

“ကျနော်တို့ယောက်ဖကို ဘယ်သူတွေက ဘယ်ကိုခေါ်သွားမှန်းလည်း မသိဘူး။ သူ့ကို သတ်ပြီးတော့ အလောင်ကို လွှင့်ပစ်ထားခဲ့ပြီလားဆိုပြီး အတော်လည်း စိတ်ပူနေပါတယ်။ လုပ်စားစရာဆိုလို့ လယ်တစ်ခုတည်းရှိတာ။ ရှိတဲ့ နွားတွေလည်း အကုန်ပါသွားပြီ။ လူကိုတော့ မသေမပျောက် ပြန်တွေ့စေချင်ပါတယ်” ဟု ဆိုသည်။

ဦးအောင်နိုင်မှာ ပျောက်ဆုံးနေသည့်အပြင် ၎င်းပိုင်ဆိုင်သည့် နွား (၆) ကောင်းလည်း ပျောက်ဆုံးသည်ဟု ဦးထွန်းမောင်က ပြောသည်။  

၎င်းတို့ အသတ်ခံရသည့်နေရာတွင် လွန်ခဲ့သည့် ၃ နှစ်က ယခုဖြစ်စဉ်ကဲ့သို့ နွားများခိုးယူခံရခြင်း၊ လူအသတ်ခံရခြင်းများ ရှိခဲ့ကြောင်းနှင့် လယ်သမားများအနေဖြင့်လည်း ကြောက်လန့်ကာ မနေရဲကြသူများ ရှိသည်ဟု ရွာသားများက ပြောသည်။

ကျေးရွာများတွင် မှုခင်းတစ်ခုခု ဖြစ်လျှင် ပြည်သူလူထုမှာ အားကိုးစရာမရှိခြင်းနှင့် လုံခြုံမှု၊ တရားဥပဒေစိုးမိုးမှု မရှိဖြစ်နေကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပြောသည်။

ယခု သေဆုံးခြင်း၊ ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရန် ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

ရသေ့တောင်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့က တောင်သူတစ်ဦးထံမှ အမည်မသိ လူတစ်စုက ဓားပြတိုက်ကာ ကျွဲ ၇ ကောင်ကို လုယူခံရသည့်ဖြစ်စဉ်နှင့် ဒီဇင်ဘာ ၁၉ ရက်နေ့က မာန်အောင်မြို့နယ်တွင် နွားပျောက်ဆုံးမှုများ ရှိခဲ့သည်။ 

ဗီဒီယိုများ