လူထုဇော်ဝင်းအပါအဝင် ကျောက်တော်ဒေသခံသုံးဦးကို စတင်ရုံးထုတ်

နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းအပါအဝင် ကျောက်တော်ဒေသခံသုံးဦးကို ယနေ့(ဇူလိုင်လ ၁၃ ရက်)၊ မွန်းလွဲ ၁၁ နာရီခွဲခန့်အချိန်တွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

13 Jul 2022

DMG ၊ ဇူလိုင် ၁၃

နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းအပါအဝင် ကျောက်တော်ဒေသခံသုံးဦးကို ယနေ့(ဇူလိုင်လ ၁၃ ရက်)၊ မွန်းလွဲ ၁၁ နာရီခွဲခန့်အချိန်တွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

မြန်မာစစ်တပ်က တရားစွဲဆိုထားသော ကျောက်တော်ဒေသခံများဖြစ်သည့် ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်း၊ ဦးကျော်သန်းမောင်၊ကိုဇော်မိုးထက်တို့ကို စတင်ရုံးထုတ်ခဲ့ခြင်းဖြစ်သော်လည်း တရားသူကြီးက တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမရှိဘဲ လာမည့်ဇူလိုင်လ ၂၁ ရက်နေ့ ထပ်မံရုံးချိန်းဆိုလိုက်သည်ဟု ကိုဇော်မိုးထက်၏ ဖခင် ဦးစံလှကျော်ကပြောသည်။

“၂၁ ရက်နေ့သို့ ရုံးချိန်း ပြန်ချိန်းလိုက်တယ်။ ဘာမှလည်းမပြောဘူး။ သူတို့ကို ရုံးမှာထိုင်တာနဲ့ တရားသူကြီးက ၂၁ ရက်နေ့ကို ချိန်းလိုက်တယ်။ စစ်ဆေးမေးမြန်းတာတော့ ဘာမှမရှိခဲ့ဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါသုံးဦးကို မြန်မာစစ်တပ်က ဇွန်လ ၂၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့ကို တရားစွဲဆိုရခြင်းမှာ ၎င်းတို့၏လက်ကိုင်ဖုန်းများတွင် ရက္ခိုင့်တပ်တော်(AA)၏ ဓာတ်ပုံတစ်ပုံတွေ့ရှိသောကြောင့် ဖမ်းဆီးတရားစွဲဆိုရခြင်းဟု ရဲတပ်ဖွဲ့ကပြောထားကြောင်း မိသားစုဝင်များထံမှ သိရသည်။ ကိုဇော်ဝင်းကိုမူ မည်သည့်အတွက်ကြောင့် တရားစွဲဆိုသည်ကို လက်ရှိအချိန်ထိမသိရသေးပေ။

ရက္ခိုင့်တပ်တော်(AA)သည် ၎င်းတို့တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်က ဖမ်းဆီးနေသည်ဟုအကြောင်းပြချက်ဖြင့် ဇွန်လအတွင်းတွင် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ကျော် ဖမ်းဆီးလိုက်ပြီးနောက် မြန်မာစစ်တပ်ကလည်း အရပ်သား ၅၀ ခန့်ကို တန်ပြန်ဖမ်းဆီးလိုက်ပြီး ၎င်းတို့အခြေအနေနှင့်ပတ်သက်ပြီးလည်း သတင်းထုတ်ပြန်ခြင်းမရှိပေ။

ဗီဒီယိုများ