တက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်းအပါအဝင်ဒေသခံသုံးဦးကို ၅၀၅(က)ဖြင့် အမှုဖွင့်

မြန်မာစစ်တပ်က ဖမ်းဆီးထားသော လူမှုရေး၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း(ခ) လူထုဇော်ဝင်း အပါအဝင် ဒေသခံသုံးဦးကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)ဖြင့် ကျောက်တော်မြို့မရဲစခန်းတွင် ဇွန်လ ၃၀ ရက်နေ့က အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

01 Jul 2022

-မြန်မာစစ်တပ်က ဖမ်းဆီးထားသော ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းကို တွေ့ရစဉ်

DMG ၊ ဇူလိုင် ၁

မြန်မာစစ်တပ်က ဖမ်းဆီးထားသော လူမှုရေး၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း(ခ) လူထုဇော်ဝင်း အပါအဝင် ဒေသခံသုံးဦးကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)ဖြင့် ကျောက်တော်မြို့မရဲစခန်းတွင် ဇွန်လ ၃၀ ရက်နေ့က အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

၎င်းတို့သုံးဦးကို လုံခြုံရေးအခြေအနေအရ ရဲစခန်း၌ မထားဘဲ တပ်ရင်းအချုပ်ထဲ၌ထိန်းသိမ်းထားဆဲဖြစ်သည် ဟု ရဲအရာရှိတစ်ဦးကပြောသော်လည်း  အဆိုပါသုံးဦးကို မည်သူက တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားသည်ကို ပြောဆိုရန် ငြင်းဆန်သည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “မနေ့က ဇွန်လ ၃၀ ရက်နေ့ကတည်းက အမှုဖွင့် လိုက် တယ်ဆိုပြီး နီးစပ်တဲ့သူတွေကနေတဆင့်သတင်းကြားထားတယ်။ဒါပေမဲ့အမှုဖွင့်ခံရတဲ့သူတွေက ရဲစခန်းကို လည်းမရောက်သေးဘူး။ဘယ်တပ်ရင်းမှာဆိုတာကိုလည်းမသိရဘူး။ကျနော်တို့ယူဆတာက တရားခံတွေ မပါဘဲအမှုဖွင့်တယ်ဆိုတော့ သူတို့ကိုစစ်ကြောရေးမှာရိုက်နှက်ထားတဲ့ဒဏ်ရာတွေကြောင့် လူမြင်မခံစေချင်တာ လားဆိုပြီးတွေးမိတယ်" ဟု ပြောသည်။

ကျောက်တော်မြို့၊ပြည်တော်သာရပ်ကွက်မှ ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်း၊ခေါင်းတုတ်ကျေးရွာ ဦးကျော်သန်း မောင်၊ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်တို့ကို ဇွန်လ ၂၁ ရက်နေ့ကပင် ဖမ်းဆီး ထားခြင်းဖြစ်ပြီး မိသားစုနှင့်တွေ့ခွင့်မပေးသေးပေ။

ကိုဇော်ဝင်းဇနီး ဒေါ်ခင်လှဇံက “အခုလိုအမှုဖွင့်ထားတာနဲ့ပတ်သက်ပြီး ကျမတို့ဘာမှမသိသေးပါဘူး။ ဒီနေ့ မနက် ပိုင်းက အုပ်ချုပ်ရေးမှူးရုံးကဗိုလ်မှူးကိုဖုန်းဆက်တုန်းကလည်း အမှုဖွင့်တာတွေကို မပြောဘူး။ အမှုဖွင့်တာတို့၊ ရုံးထုတ်တာတို့ရှိလာခဲ့ရင် မိသားစုတွေကိုပြောမှာပေါ့ဆိုလို့ပြောတယ်။ဒါမှမဟုတ် ကျမတို့ကိုဖုံးကွယ်ထားတာ များလား" ဟုပြောသည်။

အလားတူ ပန်းဖဲချောင်းကျေးရွာမှ ကိုဇော်မိုးထက်၏မိသားစုဝင်များကလည်း  သားဖြစ်သူအား ၅၀၅ (က)ဖြင့်အမှုဖွင့်ထားသည်ကိုနီးစပ်ရာအသိုင်းအဝိုင်းများထံမှစုံစမ်းသိရှိထားကြောင်းပြောသည်။၎င်းမှာ မည် သည့်အဖွဲ့အစည်းနှင့်ဆက်စပ်မှုမရှိဘဲ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးစံလှကျော်က ပြောသည်။

" ကျနော့်သားက ဘယ်အဖွဲ့နဲ့မှလည်းဆက်စပ်တာမရှိဘူးဆိုတာကို တစ်ရွာလုံးသိတယ်။ အဖမ်းခံရတဲ့နေ့ ကလည်း သူနဲ့အတူတခြားဝန်ထမ်း ၂ယောက်ပါသေးတယ်။သူတို့ကတော့လွတ်သွားပြီး ကျနော့်သားကတော့ သင်္ကြန် တုန်း ကဇီးချောင်းမှာ AA ကတစ်ယောက်နဲ့တွဲရိုက်ထားတဲ့ပုံကြောင့် ဖမ်းသွားတာ။ ဘီယာမူးပြီး အမှုမဲ့ အမှတ်မဲ့ ရိုက် ထားတာပါ။အခုလိုအမှုဖွင့်ခံရတဲ့ သတင်းကြားတော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ စိုးလည်း စိုးရိမ်မိတယ်" ဟု၎င်းကဆိုသည်။

၎င်းတို့ သုံးဦးဖမ်းဆီးခံရသည်မှာ  ယနေ့နှင့်ဆိုလျှင် ၁၁ရက်အထိကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အဆက်သွယ်မရဖြစ်နေသဖြင့် မိသားစုဝင်များကစိုးရိမ်ကြောင့်ကြလျှက်ရှိနေကြသည်။

“သူတို့ဖက်ကအမှုဖွင့်တာမှန်ကန်တယ်ဆိုရင်လည်းကျမတို့ကဘာမှမတတ်နိုင်ပါဘူး။ဒါပေမယ့်အဆိုးထဲကအကောင်းတစ်ခုကိုပြောရရင် လူမသိသူမသိ၊လူမမြင်၊သူမမြင်ဖမ်းဆီးထားတာထက် လူသိရှင်ကြားအမှုဖွင့် ပြီးရုံးထုတ်တာကကောင်းပါသေးတယ်။မဟုတ်ရင်  ရိုက်နှက်ခံရလို့ ဘယ်လို၊ဘယ်ပုံစံဖြစ်နေမှန်း လဲမသိရ ဘူး။အရမ်းစိုးရိမ်ရတယ်" ဟု ကိုဇော်ဝင်း၏ ဇနီးဖြစ်သူက ပြောသည်။

ကျောက်တော်မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးအား ဇွန်လ ၂၀ ရက်နေ့တွင် ရက္ခိုင့် တပ် တော်(AA)ကဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီဖက်မှမြို့ထဲ၌ အစစ်အဆေးတင်းကျပ်ကာ ဒေသခံများကို ဖမ်း ဆီးသွားသည်။ယင်းနောက်တွင် အဆိုပါ သုံးဦး မြန်မာစစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဗီဒီယိုများ