ကိုမင်းကိုဦးအမှုတွင် လိုပြသက်သေ အမှုစစ်ရဲအရာရှိတစ်ဦးသာ စစ်ဆေးရန်ကျန်

PDF အဖွဲ့ဖြင့်ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးအမှုတွင် လိုပြသက်သေတစ်ဦးသာ စစ်ဆေးရန်ကျန်ရှိတော့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

22 Feb 2022

DMG ၊ ဖေဖော်ဝါရီလ ၂၂

PDF အဖွဲ့ဖြင့်ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးအမှုတွင် လိုပြသက်သေတစ်ဦးသာ စစ်ဆေးရန်ကျန်ရှိတော့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

ကျန်ရှိသောသက်သေမှာ အမှုစစ်ရဲအရာရှိ ဒုရဲမှူးဇော်လတ်ဖြစ်ပြီး လာမည့်ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ၎င်းကိုစစ်ဆေးရန် ချိန်းဆိုထားကြောင်း အမှုအားလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောဆိုသည်။

"အမှုစစ်ရဲအရာရှိကိုစစ်ဆေးပြီးရင်တော့ လိုပြသက်သေတွေကုန်ပြီ။ လိုပြသက်သေကုန်ရင်တော့ နှစ်ဖက်လျှေက်လဲချက်ပေးပြီး စွဲချက်တင်သင့်၊ မတင်သင့်ကို အမိန့်ချမှတ်မှာဖြစ်တယ်"ဟု ရှေ့နေကပြောသည်။

ကိုမင်းကိုဦးအမှုတွင် တောင်ကုတ်မြို့နယ်အတွင်းမှ လိုပြသက်သေ ၉ ဦးပါရှိပြီး အမှုအား ရက်ပေါင်း ၁၁၀ အတွင်း အပြီးသတ်စစ်ဆေးရန် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။

မင်းကိုဦးအား PDF အဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲခြင်းအပေါ် မိသားစုက မဟုတ်မှန်ကြောင်းငြင်းဆိုထားသည်။ ကိုမင်းကိုဦးမှာ ဒေသတွင်းပရဟိတလုပ်ငန်းများကို လုပ်ကိုင်နေသူတစ်ဦးသာဖြစ်ကြောင်း မိသားစုကဆိုသည်။

လက်ရှိမှာ PDF နှင့်ဆက်စပ်သည် (သို့မဟုတ်) ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ တောင်ကုတ်၊ သံတွဲ၊ မြောက်ဦးမြို့နယ်တို့မှ ဖမ်းဆီးအမှုဖွင့်ခံထားရသူ ၉ ဦးအထိ ရှိနေသည်။

ဗီဒီယိုများ