အဆင့်မြင့်ပညာသင်ကြားမည့် ကျောင်းသားများအတွက် အတိုးနည်းချေးငွေ အစီအစဉ် အကောင်အထည်ဖော်ပေးရေးအဆို ရှုံးနိမ့်

၎င်းအဆိုကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက တင်သွင်းခဲ့ခြင်းဖြစ်ကာ အဆိုအား အတည်ပြုရန်မဲခွဲဆုံးဖြတ်ကြရာတွင် ထောက်ခံမဲ ၁၉ မဲ၊ ကန့်ကွက်မဲ ၁၂၅ မဲ၊ ကြားနယ်မဲ ၂၂ ရှိခဲ့ပြီး ကန့်ကွက်မဲများနေသဖြင့် အတည်မပြုကြောင်း လွှတ်တော်မှကြေငြာခဲ့သည်။

By ဝင်းညွန့် 07 Sep 2019

ဝင်းညွန့် | DMG

စက်တင်ဘာ ၇ ၊ စစ်တွေ

အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ အပါအဝင် အစိုးရတက္ကသိုလ်အသီးသီးတွင် အဆင်မြင့်ပညာရပ်များ တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစဉ်အစီများ ရေးဆွဲအကောင်အထည်ဖော်ပေးရန် ပြည်ထောင်စုအစိုးအား တိုက်တွန်းသည့်အဆိုကို စက်တင်ဘာလ ၅ ရက်နေ့က အမျိုးသားလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် အဆိုရှုံးနိမ့်ခဲ့သည်။

၎င်းအဆိုကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက တင်သွင်းခဲ့ခြင်းဖြစ်ကာ အဆိုအား အတည်ပြုရန်မဲခွဲဆုံးဖြတ်ကြရာတွင် ထောက်ခံမဲ ၁၉ မဲ၊ ကန့်ကွက်မဲ ၁၂၅ မဲ၊ ကြားနယ်မဲ ၂၂ ရှိခဲ့ပြီး ကန့်ကွက်မဲများနေသဖြင့် အတည်မပြုကြောင်း လွှတ်တော်မှကြေငြာခဲ့သည်။

အဆင့်မြင့်ပညာသင်ကြားမည့်ကျောင်းသူ၊ ကျောင်းသားများအတွက် အတိုနည်းသည့် ချေးငွေထုတ်ချေးမည့် ရန်ပုံငွေတစ်ရပ်ကို နိုင်ငံတော်မှသတ်မှတ်ပေးခြင်း (သို့မဟုတ်) နိုင်ငံတော်ဘဏ်တစ်ခုခု၏ ချေးငွေအစီအစဉ် (သို့မဟုတ်) ပုဂ္ဂလိကဘဏ်တစ်ခုဖြင့် ချေးငွေအစီအစဉ် စသည့် သင့်လျှော်သော နည်းလမ်းသုံးခုကို ရွေးချယ်ရန် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကတင်ပြခဲ့သည်။

အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးကြရာတွင် အများစုက ယင်းအဆိုအား အကောင်အထည်ဖော်ရန် မသင့်လျော်သေးကြောင်းနှင့် လက်ရှိအစိုးရမှ ထောက်ပံ့ပေးနေသည့် ပညာသင်ဆုကြေးများကို တိုးမြှင့်ထောက်ပံ့ပေးရန်သာ အကြံပြုဆွေးနွေးခဲ့ကြသည်။

“ပညာရေးစနစ် မကောင်းသေးတဲ့၊ စီးပွားရေးစနစ် မကောင်းသေးတဲ့နိုင်ငံမျိုးမှာ ဒီလို ချေးငွေအစီအစဉ်ကို စတင်ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်ဒုက္ခနဲ့တွေ့ပြီးတော့ ဖရိုဖရဲဖြစ်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေး စနစ်ကောင်းအောင် ပြုပြင်ပြောင်းလဲဖို့ အရင်လိုအပ်ပါတယ်။ စီးပွားရေးစနစ်အခြေအနေ အဆင့်အတန်း တစ်ရပ်ကို ရောက်ရှိလာပြီဆိုရင်တော့ ပညာရေးချေးငွေစနစ်ကို အကောင်အထည်ဖော်ဖို့ အချိန်တန်ပြီလို့ ယူဆပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ဆိုသည်။

ယခုကဲ့သို့ ပညာရေးဆိုင်ရာချေးငွေထုတ်ချေးပြီး ကျောင်းသားများမှ ပြန်မဆပ်နိုင်ပါက မလိုလားအပ်သည့် ပြဿနာများကြုံတွေ့လာနိုင်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုကြသည်။

“အာမခံချက်မရှိဘဲ ငွေကြေးချေးမယ်ဆိုရင် အစိုးရဘဲဖြစ်ဖြစ်၊ ပုဂ္ဂလိကဘဲဖြစ်ဖြစ် ငွေချေးပေးသူမှာ အခက်ခဲရှိ နိုင်သလို မလိုလားအပ်တဲ့ပြသာနာတွေကြုံတွေ့လာနိုင်ပါတယ်။ ဒါကြောင့် ဒီအဆိုကို အခုချိန်မှာ ဆောင်ရွက်ရန် မသင်သေးကြောင့်နှင့် ပညာရေးဌာနကပေးအပ်နေတဲ့ ပညာသင့်ထောက်ပံ့ခြင်းပေးအပ်မှုကိုယခုပေးနေတဲ့ ရာခိုင်နှုန်းနဲ့ ကျောင်းသားအရေအတွက်နှုန်းကို ပိုပေးရန်တောင်းဆိုခြင်းသာ ပိုပြီးသင့်လျော်ပါတယ်” ဟု စစ်ကိုင်တိုင်းဒေသကြီး အမှတ်(၁)မဲဆန္ဒနယ်မှ ဦးကျော်သောင်းကဆိုသည်။

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း အဆင်မြင့်တက္ကသိုလ်များသို့ တက်ရောက်ရန် အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ထောက်ပံကြေး ပေးအပ်ရန် နိုင်ငံတော်ဘဏ္ဍာမှ နှစ်စဉ် လျာထားလျက်ရှိကြောင်းကြောင်းနှင့် ယခုအဆိုအား အမျိုးသားလွှတ်တော်တွင် မှတ်တမ်းအဖြစ်သာ ထားရှိရန် တင်ပြခဲ့သည်။

“ပြီးပြည့်စုံတဲ့စနစ်ဆိုတာ မရှိပါဘူး၊ အစီအစဉ်ရေးဆွဲရေး၊ ချမှတ်ရေး၊ အကောင်အထည်ဖော်ရေးကပဲ လေ့လာသင်ယူရတာ ဖြစ်ပါတယ်” ဟု အဆိုရှင် ဒေါ်ထုမေက ပြောသည်။

အဆင့်မြင့်ပညာရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ခုနှစ် ထောက်ပံ့အသုံးစရိတ်တွင် ခွင့်ပြုငွေကျပ် ၁၄၉၆၇ သန်းကျော် တွင် ပညာသင်ဆုထောက်ပံ့ငွေကျပ် ၄၆၀၄ သန်း၊ ၃၀ ရာခိုင်နှုန်းရာအသုံးပြုနိုင်ခဲ့ပြီး ပိုလျှံငွေကျပ် ၁၀၀၀၉ သန်း၊ ၆၆ ဒသမ ၉၇ ရာခိုင်နှုန်းအား ပြန်လည်အပ်နှံခဲ့ရကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ၂၀၁၇-၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာအရ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ကောလိပ်များမှ ဝန်ထမ်းများ သက်ပြည့်အငြိမ်းစားယူခြင်း၊ လစာမဲ့ခွင့်ခံစားခြင်း၊ ဆေးခွင့်ခံစားခြင်း၊ ရာထူးတိုးကိစ္စများ အပြည့်အဝ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ နည်းပြ၊ သရုပ်ပြများ ဖွဲ့စည်းပုံပြည့်မီအောင် ခန့်ထားနိုင်မှုမရှိခြင်း၊ ပညာရေးကောလိပ်များတွင် ဆရာလိုင်စင်စနစ်ဆိုင်ရာ ကျင့်သုံးရန်အတွက် ပြည်တွင်း၊ ပြည်ပပပညာရှင်များ၏ ချီးမြှင့်စရိတ်များ လျာထားခဲ့သော်လည်း ဆောင်ရွက်နိုင်မှုမရှိသေးခြင်းတို့ကြောင့် ကျပ် ၃ ဒသမ ၄၅၅ ဘီလီယံ ပြန်လည် အပ်နှံခဲ့ရကြောင်းလည်း သိရသည်။

ဗီဒီယိုများ