ရခိုင်တွင် လယ်လုပ်သားရှားပါးလာမှုကြောင့် မိုးစပါးမစိုက်ပျိုးနိုင်သည့် လယ်မြေများတိုးလာ

လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော ရခိုင်ပြည်နယ်အတွင်းမှ ကျေးလက်ဒေသများတွင် လယ်လုပ်သားများရှားပါးလာမှုကြောင့် မိုးစပါးမစိုက်ပျိုးနိုင်သည့် လယ်မြေများမှာ နှစ်စဉ်တိုးလာနေသည်။

20 Apr 2021

DMG ၊ ဧပြီ ၂၀

လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော ရခိုင်ပြည်နယ်အတွင်းမှ ကျေးလက်ဒေသများတွင် လယ်လုပ်သားများရှားပါးလာမှုကြောင့် မိုးစပါးမစိုက်ပျိုးနိုင်သည့် လယ်မြေများမှာ နှစ်စဉ်တိုးလာနေသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ စစ်တမ်းကောက်ယူခဲ့ရာတွင် ရခိုင်ပြည်နယ်အတွင်း လယ်ဧက ၂ သိန်းကျော်ခန့် မိုးစပါးမစိုက်ပျိုးနိုင်ခဲ့ဘဲ ယင်းအထဲတွင် စစ်ပွဲများကြောင့် စပါးမစိုက်ပျိုးနိုင်သည့် လယ်ဧကပေါင်း ၅ သောင်းခန့်ပါဝင်သည်ကိုတွေ့ရကြောင်း ဆိုသည်။

“အဓိက လယ်သမားတွေ မစိုက်ပျိုးနိုင်တာကတော့ စိုက်ပျိုးစရိတ်မလုံလောက်တာတွေရှိတယ်၊ နောက်ပြီး ထုတ်ကုန်က အရင်းအနှီးကိုမကာကွယ်နိုင်တဲ့အတွက် မစိုက်ပျိုးနိုင်ခဲ့ဘူး။ နောက်တစ်ခုက လယ်ယာ လုပ်သားတွေ ရှားပါးလာတယ်။ လယ်လုပ်သားတွေ ပြည်ပဖက်ကိုသွားကြတဲ့အတွက် မစိုက်ပျိုးနိုင်ခဲ့ဘူး” ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် စိုက်ပျိုးမြေဧက ၁၁ သိန်းကျော်ထိရှိနေကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမားသမဂ္ဂ၏ စာရင်းအရသိရပြီး ယင်းလယ်မြေများမှာ မိုးစပါးတစ်ခုတည်းကိုသာ အဓိကစိုက်ပျိုး လုပ်ကိုင်ကြခြင်းလည်းဖြစ်သည်။

လယ်သမားများ လယ်ယာမြေလုပ်ကိုင်ရခြင်းမှာ အကျိုးအမြတ်မရှိသလောက် နည်းပါးလာခြင်းကြောင့် နှစ်စဉ် လယ်ယာမြေစွန့်ခွာမှုနှုန်းထားမှာလည်း တစ်ဖြည်းဖြည်းများပြားလာနေသည်။

လယ်သမားများအနေဖြင့် စိုက်ပျိုးရေစရိတ်ကြီးမားပြီး ချေးငွေအလုံအလောက်မရရှိခြင်း၊ ရာသီဥတုဒဏ်ကြောင့် လယ်ယာမြေပျက်စီးဆုံးရှုံးခြင်းနှင့် နှစ်စဉ်စပါးဈေးကျဆင်းလာခြင်းနှင့် စပါးဝယ်ယူမှုနည်းခြင်းတို့ကိုလည်း ကြုံတွေ့ကြရကြောင်း လယ်သမားများကဆိုကြသည်။

၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၄ နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်တွင် စပါးသီးနှံ ၂၀ ရာခိုင်နှုန်းအထိ အထွက်နှုန်းကျဆင်းခဲ့ပြီး ကုန်ထုတ်လုပ်မှုမှာ စပါးတင်းသိန်း ၃၀၀ ခန့်လျော့ကျသွားခဲ့ကြောင်း ရခိုင်ပြည်လုံး ဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ အစီရင်ခံစာကဆိုသည်။

မြောက်ဦးမြို့နယ်မှ လယ်သမား ဦးစိုးနိုင်က ယခုနှစ်အတွက် စပါးစိုက်ပျိုးရန် မျိုးစေ့များ၊ စက်ကိရိယာများနှင့် ဓာတ်မြေသြဇာများ အခက်ခဲရှိနေကြောင်း ပြောသည်။

“အဓိက စပါးစိုက်ပျိုးနိုင်ဖို့အတွက် ကျနော်တို့မှာ မျိုးစပါး(မျိုးစေ့)တွေ အခက်ခဲရှိတယ်၊ နောက်ပြီးတော့ လယ်ယာထွန်ဖို့အတွက် ထွန်းစက်တွေလိုတယ်။ နောက်ပြီးတော့ ဓာတ်မြေသြဇာတွေအခက်ခဲတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

လယ်ယာမြေများတွင် မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးနည်းစနစ်များကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်နေသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

“အဲဒီလယ်ဧကတွေ စိုက်ပျိုးနိုင်ဖို့အတွက် အစိုးရဖက်ကနေပြီးတော့ စနစ်ကျတဲ့ စိုက်ပျိုးရေးမူဝါဒတွေနဲ့ ညွန်ကြားချက်တွေကို အခိုင်အမာဆောင်ရွက်ဖို့လိုအပ်တယ်။ နောက်ပြီးတော့ အစိုးရဖက်က အဲဒီနည်း ပညာတွေကို လယ်သမားတွေဆီရောက်အောင် ထိထိရောက်ရောက်ဆောင်ရွက်သင့်တယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့်လည်း ၂၀၁၉ ခုနှစ်က ထွန်ယက်မစိုက်ပျိုးနိုင်ခဲ့သည့် လယ်ယာမြေ ဧကပေါင်း ငါးသောင်းကျော်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် လယ်ဧကပေါင်း လေးသောင်းခန့် ထွန်ယက်မစိုက်ပျိုးနိုင် ခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ကောက်ယူထားသည့်စာရင်းအရ သိရသည်။

ဗီဒီယိုများ