ကိုတင်ထွန်းအောင်အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်

နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ပလက်ဝမြို့ဒေသခံ ကိုတင်ထွန်းအောင်ကို လာမည့်ဧပြီလ ၁ ရက်နေ့တွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဟု အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

24 Mar 2022

DMG ၊ မတ်လ ၂၄

နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ပလက်ဝမြို့ဒေသခံ ကိုတင်ထွန်းအောင်ကို လာမည့်ဧပြီလ ၁ ရက်နေ့တွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဟု အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

၎င်းကို ယနေ့(မတ်လ ၂၄ ရက်)တွင် ပလက်ဝမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး ကိုတင်ထွန်းအောင်နှင့် တရားခံပြသက်သေနှစ်ဦးတို့ကို စစ်ဆေးခဲ့ကာ လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဟု တရားရုံးကဆုံးဖြတ်ခဲ့သည်ဟု ရှေ့နေကဆိုသည်။

တရားခွင်သို့တက်ရောက်ခဲ့သည့် မိသားစုဝင်တစ်ဦးက “တင်ထွန်းအောင်ကိုဖမ်းခဲ့တဲ့နေ့က ဘယ်လိုမျိုး ဖမ်းခဲ့တယ်။ ဘယ်အချိန်ဘယ်ကာလမှာ အစစ်ဆေးခံရတယ်။ အဲဒါတွေကိုမေးပါတယ်။ ဘယ်နေ့ဘယ်အချိန် ဘယ်နေရာကနေ လေယာဉ်နဲ့ဘယ်လိုခေါ်ခဲ့တယ်။ အဲလိုမျိုးတွေကို မေးခဲ့ပါတယ်”ဟု ယနေ့စစ်ဆေးခဲ့သည့် အခြေအနေကို ပြောသည်။

ကိုတင်ထွန်းအောင်သည် ၎င်းတွင် အပြစ်မရှိဟု ယခင်ရုံးချိန်းက ထွက်ဆိုထားသည်။ ၎င်းကို ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်ထားသည်ဟု Western News သတင်းဌာနသို့ အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးတရားစွဲဆို ထားခြင်းဖြစ်သည်။

“အလံ‌ထောင်တယ်ဆိုတာကလည်း သူကြားရတဲ့အတိုင်းပဲ ပြောလိုက်တာပါ။ ပြောလိုက်ခြင်းအားဖြင့် အပြစ်ဖြစ်တယ်ဆိုတာလည်း သူမသိပါဘူး။ ပြည်သူလူထူပြောစကားကိုပဲ ပြောလိုက်တာပါ။ သူ့ကို လွှတ်ပေးသင့်ပါပြီ။ ပြီးတော့ သူက ပြည်သူ့ဝန်ထမ်းတစ်ယောက်ပါ”ဟု ၎င်း၏ဆွေမျိုးတစ်ဦးက ပြောသည်။

ကိုတင်ထွန်းအောင်သည် ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး လုပ်သက် ၁၃ နှစ်ရှိပြီဖြစ်ကြောင်း၊ အကယ်၍ ပြစ်ဒဏ်တစ်စုံတစ်ရာချမှတ်ခံရပါကာ ၎င်းတာဝန်ထမ်းဆောင်ခွင့် ရှိတော့မည်မဟုတ်သည့်အတွက် ကိုးရိုးကားရားဖြစ်သွားမည်ကိုစိုးရိမ်မိသည်ဟုလည်း ဆွေမျိုးတော်စပ်သူက ဆက်လက်ပြောကြားသည်။

ဗီဒီယိုများ