လေးတောင်မြို့တွင် အခြားမြို့နယ်များမှလာသော ဧည့်သည်များကို ညအိပ်လက်မခံရန် စည်းကမ်းထုတ်

ရခိုင်ပြည်နယ်၊ လေးတောင်မြို့တွင် အခြားမြို့နယ်များမှ လာရောက်သော ဧည့်သည်များကို ညအိပ်လက်မခံရန် ရပ်ကွက်နေသူ များစုပေါင်းကာ စည်းကမ်းသတ်မှတ်ထားကြကြောင်း သိရသည်။

16 Jul 2021

DMG ၊ ဇူလိုင် ၁၆

ရခိုင်ပြည်နယ်၊ လေးတောင်မြို့တွင် အခြားမြို့နယ်များမှ လာရောက်သော ဧည့်သည်များကို ညအိပ်လက်မခံရန် ရပ်ကွက်နေသူ များစုပေါင်းကာ စည်းကမ်းသတ်မှတ်ထားကြကြောင်း သိရသည်။

လက်ရှိ လေးတောင်မြို့အတွင်း ကိုဗစ်ပိုးတွေ့လူနာတစ်ဦးရှိပြီး လေးတောင်မြို့ဆေးရုံတွင် ဆရာဝန်မရှိသည့်အတွက် ရမ်းဗြဲမြို့နယ်ဆေးရုံသို့ လွှဲပြောင်းကာ ဆေးကုသမှုပေးလျှက်ရှိသည်။

ယင်းသို့ လေးတောင်မြို့တွင် ဆရာဝန်မရှိသည့်အတွက် ကိုယ်ဗစ် ကာကွယ်ရေးလုပ်ငန်းမှာလည်း အားနည်းမှုများရှိနေပြီး ကိုဗစ်ကာကွယ်နိုင်ရေးအတွက် ပြည်သူများစုပေါင်းကာ စည်းကမ်းထုတ်ပြန်ထားသည်ဟု လေးတောင်မြို့၊ သရက်ချိုရပ်ကွက်နေ ကိုတင်မိုးက ပြောသည်။

"အဓိကတော့ ကျောက်ဖြူ-မာန်အောင်သွားတဲ့ ဆိပ်ပေါ့။ ကျနော်တို့ သရက်ချိုကဆိုတော့ အဲကနေဖြတ်သွားမယ်ဆိုရင် Mask တွေတပ်ရမယ်၊ လက်အိမ်တွေဝတ်ဆင်ရမယ်၊ ပြီးတော့ ဟိုအိမ်ကိုဝင် ဒီအိမ်ကိုဝင်မလုပ်ဘဲ ကိုယ်သွားမယ့်ဘုတ်ဆိပ်ကို သွားရမယ်ပေါ့။ နောက်တစ်ခုက ကျနော်တို့ ရပ်ကွက်ကို လူစိမ်းတွေ ညအိပ်ညနေလက်မခံဖို့ လုပ်ထားတယ်။ ဖြတ်သွားဖြတ်လာကတော့ ကျနော်တို့လုပ်ထားတဲ့ စည်းကမ်းအတိုင်း သွားမယ်ဆိုရင် ခွင့်ပြုထားတယ်။ လုံးဝပိတ်ထားဒါမျိုးမဟုတ်ဘူး" ဟု ၎င်းကပြောသည်။

လေးတောင်မြို့တွင် ဧည့်သည်များ ညအိပ်လက်မခံခြင်းကို အများပြည်သူသဘောအရ လောလောဆယ် တစ်လတာသတ်မှတ်ထားကြောင်း သိရသည်။

လေးတောင်မြို့တွင် ဆေးရုံ၌ ဆရာဝန်မရှိသည့်အပေါ် ကျန်းမာရေးကိစ္စရပ်များအတွက် အထူးစိုးရိမ်ကြောင်း ဒေသခံ ကိုအောင်နိုင်ထွန်းက ပြောသည်။

"အခုဟာက ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့မတူဘူး။ ကူးစက်မှုကလဲ မြန်တယ်။ ဆရာဝန်လဲမရှိဘူးဆိုတော့ ကာကွယ်ရေးအတွက် ဦးဆောင်မယ့်သူက မရှိဘူး။ အုပ်ချုပ်ရေးမှူးတွေကို မေးကြည့်တော့လဲ သူတို့ကိုညွှန်ကြားမှုမရှိလို့ ဘာမှမလုပ်ဘူးပြောတယ်။ အဲဒီတော့ ကျနော်တို့က ကိုယ့်စနစ်နဲ့ကို ကာကွယ်ရေးကို လုပ်ဆောင်နေကြတယ်။ စိုးရိမ်မှုတွေကတော့ အများကြီးရှိတယ်" ဟု ၎င်းကဆိုသည်။

လေးတောင်မြို့ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ တစ်လကျော် ကြာမြင့်နေပြီဖြစ်သော်လည်း အစိုးရအနေဖြင့် ဆရာဝန်ပြန်လည်ချပေးခြင်းမရှိေသေးသည့်အတွက် ကိုဗစ်အပြင် အခြားသောကျန်းမာရေးအကြောင်းကိစ္စများအတွက်ပါ စိုးရိမ်နေရကြောင်း ကိုအောင်နိုင်ထွန်းက ဆက်ပြောသည်။

ယခုလက်ရှိဖြစ်ပေါ်နေသော ကိုဗစ်တတိယလှိုင်းတွင် ယခင်ထက် ကူးစက်သူနှင့် သေဆုံးသူ များပြားမြန်ဆန်လျက်ရှိနေပြီး အောက်ဆီဂျင်အခက်အခဲကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ဗီဒီယိုများ