လေးတောင်မြို့တွင် အစိုးရဌာနဆိုင်ရာရုံးများ ဆောက်လုပ်ရန် စတင်စီစဉ်

လေးတောင်တိုက်နယ်ကို ယခုနှစ် စက်တင်ဘာလအတွင်းက မြို့အဖြစ်သတ်မှတ်ခဲ့ပြီး တိုက်နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာကို အမှတ် ၁ မှ အမှတ် ၅ အထိ ရပ်ကွက် ၅ ခုအဖြစ် ဖွဲ့စည်းသတ်မှတ်ခဲ့သည်။

By အောင်ကောင်းဇော် 26 Nov 2019

အရှေ့ဖက်မော်အတွင်းရှိ မြေလွတ်များကို အစိုးရရုံးတည်ဆောက်ရန် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစဉ်။ (ဓာတ်ပုံ - ကိုမောင်မောင်ကြီး)

အောင်ကောင်းဇော်(မာန်အောင်) | DMG
နိုဝင်ဘာလ ၂၆ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင် အစိုးရဌာနဆိုင်ရာရုံးများ ဆောက်လုပ်ရန် မြေနေရာ ရွေးချယ်သတ်မှတ်ခြင်းများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

ဌာနဆိုင်ရာရုံးများကို ဝါးကျိန်ပြင်ဘုရားအရှေ့ဘက်ရှိ  မြေလွတ်မြေရိုင်းနေရာတွင် ဆောက်လုပ်ရန်သတ်မှတ်ထားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မီးသတ်ဌာနရုံးတို့ကို ဦးစွာတည်ဆောက်သွားမည်ဖြစ်ကြောင်း လေးတောင်မြို့ ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

“အစိုးရဌာနဆိုင်ရာရုံးတွေကို ဝါးကျိန်ပြင်ဘုရား အရှေ့ဖက်မော်မှာရှိတဲ့ ရွာဘုံမြေကို သတ်မှတ်ထားပါတယ်။ အဲဒါကိုလည်း ရမ်းဗြဲမြို့နယ်အုပ်ချုပ်ရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တွေ လာပြီးတော့ မြေပြင်အခြေအနေ ကွင်းဆင်းကြည့်ရှုပြီးပြီ။ ဒီမြေက မြေလွတ်မြေရိုင်းတွေဖြစ်တယ်” ဟု လေးတောင်မြို့ဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး ဦးအောင်နိုင်ထွန်းကဆိုသည်။

အစိုးရဌာနဆိုင်ရာရုံးများဆောက်လုပ်ရန် မြေဧက ၁၂ ဧက လိုအပ်မည်ဟု ခန့်မှန်းထားကြပြီး လက်ရှိမှာ မြေလွတ်၊ မြေရိုင်းဧက ၁၀ ကျော်သာ ရရှိထားသေးကြောင်း သိရသည်။

ထပ်မံ၍ အစိုးရဌာနဆိုင်ရာရုံးများကို ဆောက်လုပ်ရန်အတွက် ယခုရရှိထားသည့်မြေနှင့် ဆက်စပ်နေသော လယ်ယာမြေများ ပါဝင်မည်ကို အသေအချာမသိရသေးဟု ဦးအောင်နိုင်ထွန်းက ပြောသည်။

“ဒီအရှေ့ဖက်ကုန်းတန်းက ၁၀ ဧကကျော်လောက်ရှိပါတယ်။ ဒီမြေနဲ့ဆက်စပ် လယ်မြေတွေတော့ရှိတယ်။ ဒါပေမယ့် လယ်သမားမြေတွေကို မတိုင်းတာသေးဘူး။ ပါမယ်၊ မပါဘူးဆိုတာလည်း မသိသေးဘူး။ အစိုးရကတော့ လယ်မြေတွေကို မလိုချင်ဘူးလို့ပြောတယ်” ဟု ၎င်းကဆိုသည်။

လေးတောင်တိုက်နယ်ကို ယခုနှစ် စက်တင်ဘာလအတွင်းက မြို့အဖြစ်သတ်မှတ်ခဲ့ပြီး တိုက်နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာကို အမှတ် ၁ မှ အမှတ် ၅ အထိ ရပ်ကွက် ၅ ခုအဖြစ် ဖွဲ့စည်းသတ်မှတ်ခဲ့သည်။

ယခု အစိုးရရုံးများ ဆောက်လုပ်မည့်နေရာသည် အမှတ် ၂ ရပ်ကွက်အနီးတွင်ဖြစ်ပြီး ယခင်ကျေးရွာများဖြစ်သည့် ကွမ်းအိမ်၊ အရှေ့ဖက်မော်၊ ရွာထက်ကျေးရွာများအနီးတွင် ဖြစ်သည်။

ဗီဒီယိုများ