ရခိုင်က အလုပ်သမားများ မိမိတို့၏အခွင့်အရေးများကို သိရှိမှု အားနည်းနေသေးဟု အလုပ်သမားအရေး ဆောင်ရွက်သူများပြော

အလုပ်သမားများ၏အခွင့်အရေးဆိုင်ရာ ဥပဒေတို့ကို ရခိုင်ကအလုပ်သမားများ သိရှိနားလည်မှုသည် ပြည်မဘက်ထက် အားနည်းနေသေးကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

27 Jul 2022

မြေပုံမြို့ ဆိပ်ကမ်းအားတွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၇

အလုပ်သမားများ၏အခွင့်အရေးဆိုင်ရာ ဥပဒေတို့ကို ရခိုင်ကအလုပ်သမားများ သိရှိနားလည်မှုသည် ပြည်မဘက်ထက် အားနည်းနေသေးကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

“ရခိုင်မှာ အလုပ်သမားအခွင့်အရေးတွေနဲ့ပတ်သက်ပြီး သိရှိနားလည်မှု အတိုင်းအတာက နည်းပါးနေသေးပါတယ်။ ဒါတွေဟာ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်မို့ သူတို့မှာ ဒါကိုသိရှိဖို့။ ပြီးတော့ တောင်းဆိုဖို့အတွက် အခက်အခဲတွေ ရှိနေသေးတယ်”ဟု ရခိုင် အလုပ်သမားရေးရာ ကူညီပံ့ပိုးရေးစင်တာ(စစ်တွေ)ရုံးမှ တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာကဆိုသည်။

လက်ရှိတွင် အလုပ်သမားများအရေ းဖြေရှင်းရန်အတွက် ရခိုင်ပြည်ရှိ အလုပ်သမားအရေးနှင့်ပတ်သက်သည့် သင်တန်းများ ပို့ချပေးနေသည်ကိုတွေ့ရသည်။

သို့သော်လည်း ရခိုင်ပြည်တွင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုတို့ကြောင့် အလုပ်ပြုတ်မည်ကိုစိုးရိမ်၍ အလုပ်သမားတို့မှာ မိမိတို့ ထိခိုက်နစ်နာသည့်ကိစ္စရပ်များကို ထုတ်ပြောမှုများ မရှိဖြစ်နေကြကြောင်းလည်း သိရသည်။

ထို့သို့ ရခိုင်တွင် အလုပ်ရှင်နှင့် အလုပ်သမားအခွင့်အရေး ဆိုင်ရာနှင့်ပတ်သက်ပြီး ပြည်သူများ သိရှိနားလည်မှုအားနည်းနေသဖြင့် ရသင့်ရထိုက်သည့်အခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မဖြစ်စေရေးအတွက် မိမိတို့အခွင့်အရေးကို သိရှိကာကွယ်တတ်ရန် ရည်ရွယ်ပြီး စစ်တွေမြို့တွင် အလုပ်သမားဥပဒေ အသိပညာဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။

“ဒီဆွေးနွေးပွဲက အလုပ်ရှင်တွေနဲ့ အပြန်အလှန်ဆွေးနွေးပြီး ဥပဒေ အသိပညာပေးတဲ့သဘောပေါ့။ တချို့လုပ်ငန်းရှင်တွေက အလုပ်သမားဥပဒေနဲ့ အခွင့်အရေးဆိုင်ရာကို သိကြပေမယ့် တချို့ကျတော့လည်း သိဖို့လိုအပ်နေတာတွေ ရှိတာပေါ့။ အဓိကတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ နားနည်မှု ပိုတည်ဆောက်နိုင်ရေးအတွက်ပါ”ဟု ဝံလက်ဖောင်ဒေရှင်း၏ အလုပ်သမားအရေး တာဝန်ခံ ကိုဖြိုးသူက DMG ကိုပြောသည်။

အဆိုပါဆွေးနွေးပွဲကို ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တွေမြို့ ကမ်းနားလမ်းရှိ River Valley ခန်းမတွင် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်)မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ဝံလက်ဖောင်ဒေးရှင်းအနေဖြင့် ရခိုင်ပြည်အနှံအပြားက အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို စောင့်ကြည့်ပြီး အချက်အလက်ရယူခြင်းများ၊ အသိပညာပေး ဆွေးနွေးခြင်းတို့ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုဖြိုးသူက ပြောသည်။

ယင်းသို့ အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းမှာ ကောင်းမွန်သောလုပ်ရပ်ဖြစ်ပြီး အလုပ်ရှင်နှင့် အလုပ်သမားကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေးများရရှိစေနိုင်ကြောင်း စစ်တွေမြို့ ဝတီစိုး စားသောက်ကုန်နှင့် လူသုံးကုန်ဖြန်ချိရေးဆိုင်ရာ မန်နေဂျာ ကိုအောင်သန်းထူးကပြောသည်။

“ဒါမျိုးလုပ်ပေးတာတွေက အရမ်းကောင်းပါတယ်၊ ဒီလိုမျိုး လုပ်ပေးတာတွေက အလုပ်ရှင်နဲ့အလုပ်သမားကြားမှာ ပြဿနာတွေနည်းသွားမယ်။ ပြီးတော့ လုပ်ငန်းလည်ပတ်မှုတွေပါ ပိုပြီးတော့ တိုးတက်လာမယ်လို့မြင်ပါတယ်”ဟု ကိုအောင်းသန်ထူးက ပြောသည်။

အဆိုပါဆွေးနွေးပွဲကို စစ်တွေမြို့နယ်ရှိ စီးပွားရေးနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များနှင့် လူမှုရေးအဖွဲ့အစည်းများမှ လူဦးရေ ၃၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ