အလုပ်သမားအရေးများကိုဖြေရှင်းရန် အလုပ်သမားရေးရာ ကူညီပံ့ပိုးရေးစင်တာကို စစ်တွေတွင်ဖွင့်လှစ်

ပြည်နယ်တွင်း အလုပ်သမားရေးရာကိစ္စရပ်များကို ဖြေရှင်းနိုင်ရန်အတွက် စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်တွင် အလုပ်သမားရေးရာကူညီပံ့ပိုးရေးစင်တာကို ဥပဒေရေးရာကုစားရေးအဖွဲ့(LCM)မှဦးဆောင်ပြီး ယနေ့(မတ်လ ၁၈ ရက်)တွင် ဖွင့်လှစ်ခဲ့သည်။

18 Mar 2022

DMG ၊ မတ် ၁၈

ပြည်နယ်တွင်း အလုပ်သမားရေးရာကိစ္စရပ်များကို ဖြေရှင်းနိုင်ရန်အတွက် စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်တွင် အလုပ်သမားရေးရာကူညီပံ့ပိုးရေးစင်တာကို ဥပဒေရေးရာကုစားရေးအဖွဲ့(LCM)မှဦးဆောင်ပြီး ယနေ့(မတ်လ ၁၈ ရက်)တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါစင်တာသို့ အလုပ်သမားအခွင့်အရေးဆုံးရှုံးသူများအနေဖြင့် လာရောက်တိုင်ကြားနိုင်ပြီး ဥပဒေအရညှိနှိုင်းဖြန်ဖြေပေးခြင်း၊ လိုအပ်လျှင် တရားရုံးများတွင် အမှုဖွင့်လှစ်နိုင်ရေးတို့ကို ကူညီဆောင်ရွက်ပေးသွားမည်ဟု စင်တာ၏ မြောက်ပိုင်းတာဝန်ခံ ဒေါ်မြသူဇာက ပြောသည်။

“ကျမတို့ရခိုင်ပြည်နယ်မှာ လက်ရှိအနေအထားအရ အလုပ်အကိုင်အခွင့်အလမ်းတွေ အရမ်းရှားပါးတယ်၊ နည်းပါးနေတဲ့အပေါ်မှာ အလုပ်သမားတွေက ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို မရတဲ့အနေအထားတွေရှိနေကြတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် အလုပ်သမားအရေးနှင့်ပတ်သက်ပြီး ဖြေရှင်းသည့်အဖွဲ့အစည်းနည်းပါးနေချိန်တွင် ယခုကဲ့သို့ အလုပ်သမားအရေးဖြေရှင်းပေးမည့် စင်တာတစ်ခုဖွင့်လှစ်လိုက်ခြင်းအပေါ် ဝမ်းသာကြိုဆိုသည်ဟု သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ စီမံကိန်းဒါရိုက်တာ ဦးဝင်းကြိုင်က မှတ်ချက်ပြုသည်။

ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကလည်း “တအားဝမ်းသာတာပေါ့နော်။ ဒီစင်တာကတော့ ကျမတိုလွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကြိုးစားပမ်းစားရှိစေချင်တဲ့ စင်တာလေးတစ်ခုပေါ့။အခုအခြေအနေမျိုးမှာ ဒီလိုစင်တာရှိနေခြင်းအားဖြင့် ဥပဒေအကြောင်းအရ နည်းလမ်းမှန်ကန်စွာနဲ့ ကူညီဆောင်ရွက်ပေးနိုင်မယ့် စင်တာလေးတစ်ခုပေါ်ထွက်လာတယ်လို့ ယူဆတယ်။ ကျမတို့ အနေနဲ့အားရှိတာပေါ့”ဟု ၎င်းကပြောသည်။

ဥပဒေရေးရာကုစားရေးအဖွဲ့(LCM)သည် လူ့အခွင့်အရေးနှင့် တရားမျှတမှုရရှိစေရေး၊ ဥပဒေလက်လှမ်းမမီသူများ၊ ခွဲခြားဆက်ဆံခံရသူများနှင့် အခွင့်အရေးဆုံးရှုံးသူများဘက်မှရပ်တည်ပြီး ဥပဒေနှင့်ဆိုင်သောအကူအညီများကို ဆောင်ရွက်လျက်ရှိသော အဖွဲ့ဖြစ်ပြီး ရုံးခွဲပေါင်း ၁၃ ခုရှိကြောင်း သိရသည်။

ဗီဒီယိုများ