လေးတောင်ဆေးရုံတွင် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းအတွက် ဆရာဝန်အမြန်လိုအပ်နေ

ရမ်းဗြဲမြို့နယ် လေးတောင်မြို့ပြည်သူ့ဆေးရုံတွင် ပြောင်းရွှေ့သွားသည့် ဆရာဝန်အစား နောက်ထပ် ပြန်ခန့်အပ်ခြင်းမရှိသေး၍ ယခု ကူးစက်မြန် ကိုဗစ်ကာလမှာ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆရာဝန်အမြန်လိုအပ်နေကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

11 Jul 2021

DMG ၊ ဇူလိုင် ၁၁

ရမ်းဗြဲမြို့နယ် လေးတောင်မြို့ပြည်သူ့ဆေးရုံတွင် ပြောင်းရွှေ့သွားသည့် ဆရာဝန်အစား နောက်ထပ် ပြန်ခန့်အပ်ခြင်းမရှိသေး၍ ယခု ကူးစက်မြန် ကိုဗစ်ကာလမှာ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆရာဝန်အမြန်လိုအပ်နေကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

လေးတောင်မြို့ပြည်သူ့ဆေးရုံမှ ဆရာဝန်ပြောင်းရွှေ့သွားသည်မှာ တစ်လကျော်အထိ ကြာမြင့်နေပြီဖြစ်သော်လည်း အစားထိုးဆရာဝန် ယခုအချိန်အထိ ပြန်လည်ချပေးခြင်း မရှိသေးသည့်အတွက် ကိုဗစ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိနေသည်ဟု လေးတောင်မြို့ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ထွန်းက ပြောသည်။

"အခု ဆရာဝန်မရှိတော့ ဘာမှ ကာကွယ်ရေး လုပ်ဆောင်တာ မရှိသေးဘူး။ အရင် ပထမလှိုင်းနှင့် ဒုတိယလှိုင်းမှာ လေးတောင်က ကြိုတင်ကာကွယ်ရေး ကောင်းခဲ့တယ်။ ဒါပေမဲ့ အခု လှိုင်းမှာကျတော့ ဦးဆောင်မယ့် ဆရာဝန်မရှိတော့ ဘာမှလုပ်ဆောင်ခြင်းလဲမရှိဘူး။ အဲဒါကြောင့် တတိယလှိုင်း ကူစက်လာမှာကို စိုးရိမ်တယ်။ ဆရာဝန်အမြန် လိုနေတယ်" ဟု ပြောသည်။

ယခင်က လေးတောင်မြို့အဝင်လမ်းတစ်ခုဖြစ်သော ကင်းချောင်းတံတားပေါ်မှ ဖြတ်သန်းသွားလာသူများကို စစ်ဆေးကာ ကိုဗစ်ကြိုတင်ကာကွယ်ရေးအတွက် အထူးကြပ်မတ်လုပ်ဆောင်မှု ပြုလုပ်ခဲ့သော်လည်း ယခုအခါ ကိုဗစ်ကော်မတီကို ဦးဆောင်ရန် ဆရာဝန်မရှိ၍ မိမိကိုယ်မိမိ ကြိုတင်ကာကွယ်ရန်နှင့် အခြားမြို့နယ်မှ လာသောသူများအနေနှင့် Stay at Home သာ နေထိုင်ရန် အသိပေးမှုများသာရှိသည်။

ယခင် မြို့နယ်ကိုဗစ်ကြိုတင်ကာကွယ်ရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးတင်မိုးက " ဒုတိယလှိုင်းမှာက သတင်းအချက်အလက်တွေကို အချိန်နှင့်တစ်ပြေးညီ ပြည်သူသိအောင် လုပ်ဆောင်ခဲ့ပြီး ကာကွယ်ရေးအတွက် အထိရောက်ဆုံးလုပ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဆရာဝန်လည်းမရှိတော့ ဦးဆောင်မဲ့သူလည်း မရှိဘူးဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်တို့ အနေနဲ့က မိမိကိုယ်မိမိ ကြိုတင်ကာကွယ်ဖို့ အခြားသူတွေ လာရင်လည်း Home stay နေဖို့ ဒါဘဲ နှိုးဆိုထားတယ်။ ဆရာဝန်အမြန်ရောက်ဖို့ လိုနေတယ်။ " ဟု ပြောသည်။

ဆရာဝန်အသစ်ကို အစိုးရအနေဖြင့် ပြန်လည်ချပေးမည်ဟု ပြောဆိုနေသော်လည်း ယခုအချိန်ထိ ပြန်လည်ချပေးခြင်းမရှိသေး၍ ကိုဗစ်ကာကွယ်ရေးအတွက် အထူးစိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်အတွင်း ယခု ကိုဗစ်တတိယလှိုင်းတွင် ဇူလိုင်လ ၁၀ ရက်နေ့ထိ ကိုဗစ်ကူးစက်ခံရသူ လူနာ စုစုပေါင်း ရ၉၃ ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ မှာ ၁၄၁ ဦးနှင့် သေဆုံးသူ ဦးရေမှာ ၁၀ ဦးထိ ရှိလာနေပြီဖြစ်သည်။

ဗီဒီယိုများ