စစ်တွေမြို့တွင် ကိုဗစ်ပိုးတွေ့သူ ၆ ဦးအထိရှိလာပြီးနောက် အရေးပေါ်ကန့်သတ်မှုများပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် Covid-19 ပိုးတွေ့လူနာ ၆ ဦးအထိရှိလာပြီးနောက် ယနေ့(သြဂုတ်လ ၂၀ ရက်) မှစတင်ကာ ကန့်သတ်မှုအချို့ကို ပြုလုပ်ထားရှိသည်။

20 Aug 2020

ကျော်သူဌေး၊ မျိုးသီရိကျော် | DMG
သြဂုတ် ၂၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် Covid-19 ပိုးတွေ့လူနာ ၆ ဦးအထိရှိလာပြီးနောက် ယနေ့(သြဂုတ်လ ၂၀ ရက်) မှစတင်ကာ ကန့်သတ်မှုအချို့ကို ပြုလုပ်ထားရှိသည်။

ယနေ့ နံနက်ပိုင်းမှစတင်ကာ ပိုးတွေ့လူနာများနေထိုင်ရာ ဓညဝတီ(ခ)ရပ်ကွက်ရှိ စန္ဒမုနိလမ်းသွယ်၊ မိဇံ ရပ်ကွက်ရှိ ရွှေသာလမ်း၊ လမ်းမတော်တောင်ရပ်ကွက်ရှိ အလယ်လမ်း၊ ကုန်တန်းအကွက်(၁)ရပ်ကွက် လမ်းကြားနှင့် မြို့သူကြီးရပ်ကွက်ရှိ ဖဖြူလမ်းတို့ကို အသွားအလာကန့်သတ်ခြင်း(Lock down) ပြုလုပ်ခဲ့သည်။

ထို့အပြင် စစ်တွေမြို့မဈေးကြီးအား နေ့တစ်ဝက်သာ ရောင်းချခွင့်ပေးတော့မည်ဖြစ်ကြောင်းလည်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးကပြောသည်။

“လူနာတွေ ထပ်တိုးတာတွေ ရှိတဲ့အတွက် ပြည်နယ်အစိုးရရဲ့ညွှန်ကြားချက်နဲ့ အခုလိုမျိုး လုပ်လိုက်ရတာပါ။ ဘယ်အချိန် ပြန်ဖွင့်ပေးမလဲဆိုတာတော့ ရောဂါအပေါ်မူတည်ပါတယ်” ဟု ဦးကျော်မိုးကဆိုသည်။

ယင်းအပြင် သြဂုတ်လ ၂၁ ရက်နေ့မှစတင်ကာ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များကိုလည်း ပါဆယ် စနစ်ဖြင့်သာ ရောင်းချခွင့်ပြုတော့မည်ဖြစ်ကြောင်း ဦးကျော်မိုးက ဆက်ပြောသည်။

ထို့အပြင် ရန်ကုန်-စစ်တွေပြေးဆွဲနေသည့် လေကြောင်းလိုင်းများကို ယနေ့ သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားမည်ဖြစ်ပြီး Air KBZ တစ်ခုသာ ပြေးဆွဲမည်ဖြစ်ဟု လေယာဉ်လက်မှတ်အရောင်းဌာနများမှ သိရသည်။

စစ်တွေမှ ရန်ကုန်သို့ လာရောက်သူများအနေဖြင့်လည်း ရန်ကုန်တွင် အသွားအလာစောင့်ကြည့်ခြင်း (Quarantine) ဝင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းထံမှ သိရသည်။

စစ်တွေမှရန်ကုန်သို့ လာရောက်မည့်သူများအနေဖြင့် ရန်ကုန်တွင် Quarantine ဝင်ရောက်ရမည်ဖြစ်ပြီး Swab (၂)ခါ ရယူမည်ဖြစ်ကြောင်းနှင့် Hotel သို့မဟုတ် Facility Quarantine ရွေးချယ်နိုင်ကြောင်း ဦးနိုင်ငံလင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

စစ်တွေမြို့၌ ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးထံတွင် Covid-19 ပိုး တွေ့ရှိခဲ့ပြီးနောက် သြဂုတ်လ ၁၉ ရက်နေ့တွင် အမျိုးသမီး ၃ ဦး၊ သြဂုတ်လ ၂၀ ရက်နေ့တွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ထံတွင် Covid-19 ပိုးတွေ့ရှိခဲ့သည်။

ယခုပိုးတွေ့ရှိသူများသည် ပြည်ပသို့ ခရီးသွားရာဇဝင်များ မရှိသဖြင့် ပြည်တွင်းတွင် ကူးစက်မှုဖြစ်ပွားသည်ဟု ဆိုကာ စစ်တွေမြို့ခံများအနေဖြင့်လည်း စိုးရိမ်မှုမြင့်တက်လျှက်ရှိသည်။

ရခိုင်ပြည်နယ်တွင် Covid-19 ပိုးတွေ့လူနာ ၂၂ ဦးအထိရှိလာနေပြီး ယခင်ကပိုးတွေ့ရှိခဲ့သည့် ပိုးတွေ့လူနာ ၁၆ ဦးမှာ ရောဂါကောင်းမွန်သွားပြီဖြစ်သည်။ လက်ရှိတွင် အသစ်တွေ့ရှိထားသည့် ပိုးတွေ့လူနာ ၆ ဦးမှာ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

ဗီဒီယိုများ