လူထုဇော်ဝင်းအပါအဝင်သုံးဦးကို မြန်မာစစ်တပ်က ရဲလက်လွှဲအပ်

မြန်မာစစ်တပ်က ဖမ်းဆီးထားသော လူမှုရေး၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုဇော်ဝင်း (ခ) လူထု ဇော်ဝင်း အပါအဝင် ဒေသခံ ၃ ဦးကို ကျောက်တော်မြို့မရဲစခန်းသို့ ယနေ့ ဇူလိုင်လ ၅ရက်နေ့လယ် ၁နာရီခွဲအချိန်တွင် လွှဲအပ်လိုက်သည်ဟု သိရသည်။

05 Jul 2022

ဖမ်းဆီးခံထားရသူ သုံးဦးအနက် လူထုဇော်ဝင်း(ခ)ကိုဇော်ဝင်း

DMG ၊ ဇူလိုင် ၅

မြန်မာစစ်တပ်က ဖမ်းဆီးထားသော လူမှုရေး၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုဇော်ဝင်း (ခ) လူထု ဇော်ဝင်း အပါအဝင် ဒေသခံ ၃ ဦးကို ကျောက်တော်မြို့မရဲစခန်းသို့ ယနေ့ ဇူလိုင်လ ၅ရက်နေ့လယ် ၁နာရီခွဲအချိန်တွင် လွှဲအပ်လိုက်သည်ဟု သိရသည်။

 အဆိုပါဒေသခံ ၃ ဦးကို ဖမ်းဆီးထားသည့် မြန်မာစစ်တပ်မှ လာရောက်လွှဲအပ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော် လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ကို အစကတည်းနေ ဖမ်းဆီး ထားတဲ့ တပ်မကနေ ကျောက်တော်ရဲစခန်းကို လာ ရောက်လွှဲအပ်တာပါ။ ကျန်းမာရေး ကလည်း ကောင်းပါတယ် ။ အခုလည်း စီစစ်ရေး အခန် မှာထားထားတာပါ”ဟု ၎င်းကဆိုသည်။

ကိုဇော်ဝင်းအပါ အဝင် ဖမ်းဆီးခံရသူ  ၃ ဦး ကို ကျန်းမာစွာဖြင့် ကျောက်တော်မြို့မ ရဲ စခန်းတွင် တွေ့ခဲ့ရပြီး  စကားပြောခွင့်ရရှိခဲ့သောကြောင့် ဝမ်းသာပျော်ရွှင်ရသည်ဟုကိုဇော်ဝင်း၏ဇနီးဖြစ်သူ ဒေါ်ခင်လှဇံ က DMG သို့ပြောသည်။

“ကျန်းမာရေးကတော့ ကောင်းပါတယ်။ မကောင်းတာဆိုလို့သူ့မှာ ရောဂါအခံ ရှိတာလေးပါပဲ ။ ကျမမေး ကြည့်တော့ ရိုက်နှက်တာတွေ ဘာတွေ မရှိလို့တာ့ ပြောပါတယ်။အခြားသူတွေမှာလည်း မိသားစုတွေနဲ့ တွေ့နေကြပါပြီ။ အခုလိုတွေ့ပြီး စကားပြောရတော့ပျော်ပါတယ်။ သုံးယောက်စလုံးနဲ့တွေ့ခွင့်ရလို့ ပိုလို့ ပျော်ပါတယ်”ဟု သူကပြောသည်။

အဆိုပါ သုံးဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် ကျောက်တော်မြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။ သို့သော် မည်သည့်အတွက်ကြောင့် အမှုဖွင့်ခံထားရသည်ကို မသိရှိရသေးပေ။

ဖမ်းဆီးခံရသူများမှာ ပြည်တော်သာရပ်ကွက်မှ ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်း၊ပန်းဖဲချောင်းကျေးရွာမှ ကို ဇော်မင်းထက်(၂၇)နှစ်၊ခေါင်းတုတ် ကျေးရွာမှ ကိုကျော်မင်းနိုင်င်(၄၁)နှစ်တို့ဖြစ်သည်။

၎င်းတို့ကို ဇွန်လ ၂၀ ရက်နေ့ က ကျောက်တော်မြို့တွင် ရဲသုံးဦးကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးလိုက်ပြီး နောက်တစ်ရက်အကြာတွင် မြန်မာ စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ