ရခိုင်တွင် အလုပ်သမားကူညီရေးစင်တာဖွင့်လှစ်ပြီး တစ်လကျော်အတွင်း လာရောက်တိုင်ကြားသည့်အမှု ၈ မှုသာရှိ

ရခိုင်ပြည်တွင်းရှိ အလုပ်သမားအရေးများကို ဖြေရှင်းရန်အတွက် မကြာသေးမီကဖွဲ့စည်းထားသည့် အလုပ်သမားကူညီရေးစင်တာသို့ လာရောက်တိုင်ကြားသည့်အမှု ၈ မှုသာရှိသေးကြောင်း ပြည်နယ်မြောက်ပိုင်း တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာကဆိုသည်။

05 May 2022

DMG ၊ မေ ၅

ရခိုင်ပြည်တွင်းရှိ အလုပ်သမားအရေးများကို ဖြေရှင်းရန်အတွက် မကြာသေးမီကဖွဲ့စည်းထားသည့် အလုပ်သမားကူညီရေးစင်တာသို့ လာရောက်တိုင်ကြားသည့်အမှု ၈ မှုသာရှိသေးကြောင်း ပြည်နယ်မြောက်ပိုင်း တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာကဆိုသည်။

တိုင်တန်းလာသည့်အမှုများမှာ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်စဉ် ထိုင်းရဲဖမ်းသည့်အမှု၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေရာမှအသတ်ခံရ၍ လျှော်ကြေးငွေမပေးသည့်အမှု စသည့်ပြည်ပတွင်ဖြစ်ပွားသည့်အမှု ၆ ခုနှင့် ပြည်နယ်တွင်းဖြစ်ပွားသည့်အမှု နှစ်မှုတို့ဖြစ်ကြောင်း ဒေါ်မြသူဇာကပြောသည်။

“ကိုယ်တို့အခွင့်အရေးချိုးဖောက်ခံနေရတာကို တိုင်တန်းနိုင်ဖို့ သတ္တိရှိဖို့လိုတယ်။ စင်တာကိုလာပြီး တိုင်စေချင်တယ်။ တိုင်မှ သူတို့အတွက် ဘယ်နည်းနဲ့ဖြေရှင်းပေးရမလဲ စဉ်းစားနိုင်မှာ။ ပြဿနာရှိရင် အဖြေရှာလို့ရပါတယ်။ ဖြေရှင်းဆောင်ရွက်ပေးမှ သူတို့ရဲ့အခွင့်အရေးတွေရလာမှာ။ သတ္တိရှိရှိ တိုင်တန်းဖို့လိုပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အလုပ်သမားများအရေးဖြေရှင်းရန်အတွက် ရခိုင်ပြည်ရှိ မြို့နယ်(၁၄)ခုတွင် အလုပ်သမားအရေးနှင့် ပတ်သက်သည့် သင်တန်းများပို့ချပေးနေကြောင်းဆိုသည်။ ရခိုင်ပြည်တွင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုတို့ကြောင့် အလုပ်ပြုတ်သွားမည်ကိုစိုးရိမ်၍လည်း မိမိတို့ထိခိုက်နစ်နာသည့်ကိစ္စရပ်များကို မတိုင်တန်းရဲကြဟု ဒေါ်မြသူဇာကပြောသည်။

“သူတို့မှာ ဥပဒေအရအကာအကွယ်တွေရှိတယ်ဆိုတာကို သိဖို့အတွက်နဲ့ သင်တန်း တောက်လျောက်ပေးနေတယ်။ အလုပ်သမားအခွင့်အရေး သင်တန်းတွေကိုပေးနေပါတယ်။ ပြီးရင် အလုပ်သမားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ချိုးဖောက်ခံရမှုတွေရှိ၊မရှိ လူအယောက် ၂၀ နဲ့ မြောက်ပိုင်းမှာ ၁၀ ယောက်၊ တောင်ပိုင်းမှာ ၁၀ စောင့်ကြည့်တဲ့အဖွဲ့ဖွဲ့ပြီး စောင့်ကြည့်နေပါတယ်”ဟု သူကပြောသည်။

အဆိုပါအဖွဲ့အစည်းကို ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)က ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး မတ်လ ၁၈ နေ့က စစ်တွေမြို့တွင် ရုံးဖွင့်လှစ်ခဲ့သည်။

ဗီဒီယိုများ