ကျောက်တော်တွင် မီးရှို့ခံရသည့် နေအိမ် ၁၈၀ ကျော်အတွက် ငွေကျပ်သိန်း ၃၀၀ ကျော်ထောက်ပံ့

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့တွင် မီးရှို့ခံရသည့် နေအိမ် ၁၈၄ ဆောင်အတွက် ငွေကျပ်သိန်း(၃၀၅)ကျော် ထောက်ပံ့ပေးထားကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

By နှင်းနွယ် 17 Sep 2020

ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှ မီးရှို့ ဖျက်ဆီးခံထားရသည့် နေအိမ်တစ်လုံးအား တွေ့ရစဉ်။

နှင်းနွယ် | DMG
စက်တင်ဘာ ၁၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့တွင် မီးရှို့ခံရသည့် နေအိမ် ၁၈၄ ဆောင်အတွက် ငွေကျပ်သိန်း(၃၀၅)ကျော် ထောက်ပံ့ပေးထားကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

အဆိုပါကျေးရွာနှစ်ရွာမှ မီးရှို့ခံရသည့် သွပ်မိုးပျဉ်ထောင်အိမ်(၁၀၂)ဆောင်နှင့် ဝါးအိမ်(၈၂)ဆောင် စုစုပေါင်း နေအိမ်(၁၈၄)ဆောင် မီးလောင်ပျက်စီးသွား၍ ပျဉ်ထောင်အိမ်တစ်ဆောင်လျှင် ငွေကျပ်(၂)သိန်းနှုန်း၊ ဝါးအိမ် တစ်ဆောင်လျှင် ငွေကျပ်(၁)သိန်းနှုန်း စသည်ဖြင့် အိမ်အမျိုးအစားအလိုက် ထောက်ပံ့ငွေပေးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးအရာရှိ ဦးရဲမင်းဦးက DMG သို့ပြောသည်။

“ကျနော်တို့က အဲဒါအပြင် အသုံးအဆောင်ပစ္စည်း ၁၇ မျိုးပါတဲ့ ဗူးတစ်ဗူးနဲ့ မီးဘေးသင့်ပြည်သူ ၉၀၀ ကျော် အတွက် ဆန်ရိက္ခာတစ်ပတ်စာ ထောက်ပံ့ပေးခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ မြို့နယ်ထွေ/အုပ် ခန်းမမှာ ပေးခဲ့တာဖြစ်တယ်” ဟု ၎င်းကရှင်းပြသည်။

အသုံးအဆောင်ပစ္စည်းဗူး၌ ထဘီတစ်ထည်၊ ပုဆိုးတစ်ထည်၊ ကျောင်းဝတ်စုံ ၂ ထည်၊ ပန်းကန် ၂ ချပ်၊ ဂေါ်ဇီလာဆပ်ပြာ ၁ တောင့်၊ ဆပ်ပြာခွက် ၁ ခု၊ အိုး ၁ လုံး၊ ဓားတစ်ချောင်း၊ ဖျာ ၁ ထည်၊ ဖန်ခွက် ၁ ခွက် စသည့်ပစ္စည်းများပါရှိကြောင်း ကျေးရွာသားများထံမှ သိရသည်။

“လောလောဆယ် မိသားစုတစ်စု အခြေချစားသောက်ဖို့အတွက် တစ်အိမ်ထောင်ကို တစ်ဗူးစီပေးတယ်။ နောက်ပြီးတော့ လူတစ်ယောက်ကို မနက်တစ်ရာ့ငါးဆယ်၊ ညတစ်ရာ့ငါးဆယ် တစ်နေ့ကိုသုံးရာနှုန်းနဲ့ တစ်ပတ်စာ ထောက်ပံ့ငွေ ပေးသွားတယ်’’ ဟု ဘုရားပေါင်းကျေးရွာသား ဦးသာထွန်းလှက ပြောသည်။

ယင်းအပြင် ဘုရားပေါင်းကျေးရွာမှ သေဆုံးသွားခဲ့သည့် မောင်ညွှန့်ဝင်းနှင့် ကိုဟန်မောင်သိန်းတို့ နှစ်ဦး အတွက်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ငွေကျပ် ၃ သိန်းစီ လာရောက်ထောက်ပံ့ပေးသွားခဲ့ကြောင်း သေဆုံးသူ ကိုဟန်မောင်သိန်း၏ ဖခင်ဖြစ်သူ ဦးစံထွန်းလှက ပြောသည်။

“မြို့နယ်ထွေ/အုပ်ရုံးက ကိုယ်တိုင်လာပြီးတော့ သူတို့နှစ်ယောက်သေဆုံးမှုအတွက် ကူညီထောက်ပံ့ပေးတာ ဆိုပြီးပြောတယ်။ ကျွန်တော်တို့လည်း သေတဲ့သူကသေသွားပြီဆိုတော့ ဘာမှမတတ်နိုင်ဘူးလေ။ စေတနာနဲ့ ကူညီပေးတာကိုပဲ လက်ခံရတာပေါ့’’ ဟု ၎င်းကဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်း ၆ နာရီအချိန်ခန့်က တပ်မတော်စစ်ကြောင်းတစ်ခုသည် ဘုရားပေါင်း ကျေးရွာအတွင်းသို့ဝင်ရောက်လာကာ ဒေသခံများကို နေအိမ်အတွင်းမှ ဖမ်းခေါ်ပြီးနောက် ညဉ့် ၉ နာရီခွဲ အချိန်တွင် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာရှိ နေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က နေအိမ်များကို AA က မီးရှို့ဖျက်စီးခဲ့ခြင်းဖြစ်ကြောင်း စက်တင် ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားသည်။ ရက္ခိုင့်တပ်တော်(AA)ကလည်း အဆိုပါကျေးရွာများကို တပ်မတော်က မီးရှို့ခြင်းသာဖြစ်သည်ဟု စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင်အဆိုပါကျေးရွာများမှ ဒေသခံအချို့မှာ ကျေးရွာသို့ ပြန်လည်ရောက်ရှိနေကြပြီဖြစ်သော်လည်း နေအိမ်မီးလောင်ဆုံးရှုံးသွားသူများမှာ နေထိုင်ရန်အိမ်မရှိတော့သဖြင့် အနီးအနားရှိ ကျေးရွာများတွင် အသီးသီး ခိုလှုံနေထိုင်လျှက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ