ရခိုင်က ကျေးရွာအချို့တွင် ဧည့်သည်များရွာအဝင်အထွက်ကို မိမိအစဉ်အစီဖြင့် ကန့်သတ်ထားကြ

ရခိုင်ပြည်နယ်ရှိ ကျေးရွာအချို့တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရန်နှင့် ရောဂါကူးစက်မှုမဖြစ်စေရန် ဧည့်သည်များ ကျေးရွာအဝင်အထွက်ကို မိမိတို့အစီအစဉ်ဖြင့် ကန့်သတ်ထားကြကြောင်း သိရသည်။

19 Jul 2021

DMG ၊ ဇူလိုင် ၁၉

ရခိုင်ပြည်နယ်ရှိ ကျေးရွာအချို့တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရန်နှင့် ရောဂါကူးစက်မှုမဖြစ်စေရန် ဧည့်သည်များ ကျေးရွာအဝင်အထွက်ကို မိမိတို့အစီအစဉ်ဖြင့် ကန့်သတ်ထားကြကြောင်း သိရသည်။

မြောက်ဦးမြို့နယ်၊ တိမ်ညိုစံပြကျေးရွာတွင် ယနေ့ (ဇူလိုင် ၁၉ ရက်)နေ့မှစတင်ပြီး မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရန်ကုန်စသည့် တခြားမြို့များမှလာရောက်မည့် ခရီးသွားဧည့်သည်များကို ရွာအတွင်း ဝင်/ထွက်သွားလာခြင်းမပြုဘဲ ကန့်သတ်ထားကြောင်း တိမ်ညိုကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကျော်မြချေက DMG သို့ပြောသည်။

"လမ်းမကြီးတစ်လျှောက်တော့ သွားလို့ရတယ်ပေါ့နော်။ ဒါပေမဲ့ ရွာထဲကိုတော့ ဝင်ခွင့်မပြုဘူး။ ကိုဗစ်ရောဂါကို မဖြစ်ခင် ကာကွယ်တဲ့သဘောပေါ့နော်။ ကျနော်တို့ရွာကလူတွေ တခြားမြို့တွေကိုသွားပြီး ပြန်လာမယ်ဆိုရင်လည်း ကွာရန်တင်း ဝင်ရမယ်။ စာသင်ကျောင်းတွေလို နေရာမျိုးမှာပေါ့။ အဲလိုလုပ်ဖို့လည်း စီစဉ်နေပါတယ်” ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့နယ်ရှိ တောင်မြင့်၊ ခွဆုံ၊ တင်းထိန်ကန်၊ ဥက္ကံ၊ ကန်စောက်၊ စည်းမောင်း၊ ပညာသည် စသည့်ကျေးရွာများ တွင်လည်း ယင်းကဲ့သို့ ပြုလုပ်ထားကြောင်း သိရသည်။

အလားတူ ကျောက်တော်မြို့နယ်မှ ရွှေပြည်သစ်၊ ကျောက်ဂူစု၊ အလယ်ကျွန်း၊ သာစည်ကျေးရွာများအပါအဝင် တခြား ကျေးရွာများတွင်လည်း တခြားမြို့မှ ခရီးသွားဧည့်သည်များကို ညအိပ်တည်ခိုးခွင့်မပြုရန် သတ်မှတ်ထားသည်ဟု ရွှေပြည်သစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းမြင့်က ပြောသည်။

“ရောဂါကိုမဖြစ်ခင်ကာကွယ်ခြင်းက ကုသမှုထက် ထိရောက်ပါတယ်။ တကယ်လို့သာ ကျေးရွာတွေမှာဖြစ်ခဲ့ရင် အကုန်လုံးကို ကူးစက်နိုင်ပြီး ဒီကာလမှာ ဆေးကုသဖို့အတွက်လည်း အခက်အခဲဖြစ်နိုင်တယ်။ ဒါကြောင့် အခုလိုမျိုး ကျေးရွာကို အကန့် အသတ်နဲ့လုပ်လိုက်တာပါ” ဟု ဆိုသည်။

ပေါက်တောမြို့နယ်တွင်လည်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့မှ အကြောင်းကြားစာရောက်လာသည့်အတွက် ကျေးရွာများကို အဝင်အထွက်ကန့်သတ်ခြင်း၊ stay at home မြို့နယ်များမှ လာရောက်ပါက home quarantine ထားရှိရန် စီစဉ်ထား ကြောင်းလည်း ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးကပြောသည်။

“ကျွန်တော်တို့မြို့နယ်က ကျေးရွာတိုင်းကို အဲဒီလိုလုပ်ဖို့မှာထားပါတယ်။ stay at home မြို့တွေကလာရင် home quarantine ထားဖို့ရယ်၊ လာတဲ့နေရာက ထောက်ခံချက်ပါမှ ကျေးရွာကိုဝင်ရမယ်ဆိုပြီးတော့ လုပ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နှင့်တစ်မြို့ ဝင်ထွက်သွားလာခွင့်မပြုခြင်းမှာ ၁၀ ရက်ခန့်သာဖြစ်ပြီး ယင်းသတ်မှတ်ထားသည့် အချိန်တွင် ကိုဗစ်စည်းမျဉ်းစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်က တိုက်တွန်းသည်။

“လောလောဆယ်အနေထားမှာ lockdown ချထားတာဟာ အများဆုံး ၁၀ ရက်လောက်ပဲဖြစ်တယ်။ သတ်မှတ်ထားတဲ့ ကာလမှာ ရခိုင်တမျိုးသားလုံးအနေနဲ့ အောင့်အီးသည်းခံပြီးနေထိုင်ကြရင်တော့ ထာဝရရောဂါကင်းစင်တဲ့ နယ်မြေတခုလည်း ဖြစ်လာမယ်။ တကယ်လို့သာ မနေထိုင်ကြဘူးဆိုရင်တော့ ရခိုင်တမျိုးသားလုံးအတွက်လည်း ရောဂါပြန့်ပွားပြီး ဒီထက်ပိုပြီး ဒုက္ခရောက်သွားမယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ဇူလိုင် ၁၈ ရက်နေ့အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူစုစုပေါင်း ၁၄၃၆ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ စုစုပေါင်း ၃၇၂ ဦးနှင့် သေဆုံးသူ ၄၁ ဦးထိရှိလာနေပြီဖြစ်သည်။

ဗီဒီယိုများ