မိုင်းထိမှန်သည့် အမ်းဒေသခံနှစ်ဦးမှာ တစ်ဦးကခြေထောက်ပြတ်ပြီး ကျန်တစ်ဦး ညာဘက် မျက်လုံးဆုံးရှုံးရနိုင်ခြေရှိ

အမ်းမြို့နယ် ကျောက်ဆင်ကျေးရွာတွင် မိုင်းထိမှန်သူ ဒေသခံနှစ်ဦးအနက် တစ်ဦးမှာ ခြေထောက်တစ် ချောင်းပြတ်ထွက်ပြီး ကျန်တစ်ဦးမှာ မျက်စိတစ်ဘက်ဆုံးရှုံးရမည့် အခြေနေရှိကာ နှစ်ဦးလုံး မိုင်းစထိမှန်သည့်ဒဏ်ရာများ ပြင်းထန်ကြောင်း DMG မှ စုံစမ်းသိရှိရသည်။

10 Jul 2021

DMG ၊ ဇူလိုင် ၁၀

အမ်းမြို့နယ် ကျောက်ဆင်ကျေးရွာတွင် မိုင်းထိမှန်သူ ဒေသခံနှစ်ဦးအနက် တစ်ဦးမှာ ခြေထောက်တစ် ချောင်းပြတ်ထွက်ပြီး ကျန်တစ်ဦးမှာ မျက်စိတစ်ဘက်ဆုံးရှုံးရမည့် အခြေနေရှိကာ နှစ်ဦးလုံး မိုင်းစထိမှန်သည့်ဒဏ်ရာများ ပြင်းထန်ကြောင်း DMG မှ စုံစမ်းသိရှိရသည်။

ယနေ့ ဇူလိုင်လ ၁၀ ရက်တွင် ရွာ၏တောင်ဘက်ရှိ ပြိုင်းတောတောင်သို့ နွားရှာသွားစဉ် မိုင်းထိမှန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဒဏ်ရာပြင်းထန်သည့်အတွက် ကမ်းထောင်းကြီးဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူနေရကြောင်း သိရသည်။

ပြင်းထန် ဒဏ်ရာရရှိသွားသူများမှာ အသက် (၂၃) နှစ်အရွယ် ကိုလင်းမောင်နှင့် အသက် (၂၈) နှစ်အရွယ် ကိုစိုးနိုင် တို့ဖြစ်သည်။

ကူညီလိုက်ပါဆောင်ရွတ်ပေးခဲ့သည့် ကမ်းထောင်းကြီးဒေသခံ ဦးလှမောင်သိန်းက “ လင်းမောင်မှာ ညာဘက်ခြေထောက်မိုင်းထိသွားတဲ့အတွက် ဆေးရုံးမှာ ခြေထောက်တဖက်ကို ဖြတ်လိုက်ပြီ။ စိုးနိုင်မှာတော့ ညာဖက်မျက်လုံးမှာထိသွားတဲ့အတွက် မျက်လုံးက ဆုံးရှုံးသွားဖို့များသွားပြီ။ ပြီးရင် သူ့မှာ လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်စလုံးမှာ မိုင်းစတွေအကုန်လုံးပဲ ” ဟု ပြောသည်။

၎င်းတို့နှစ်ဦးကို မနက်ဖြန် ဇူလိုင် ၁၁ ရက်နေ့တွင် ဒဏ်ရာအခြေအနေကိုကြည့်ပြီး စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်သွားမည်ဟု ဦးလှမောင်သိန်းက ဆက်ပြောသည်။  

“အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူး။ ခြေထောက်ဖြတ် သွားတဲ့လူနာက သွေးလေးပုလင်းသွင်းထားရတယ်။ နောက်ထပ် သွင်းရအုန်းမယ်ထင်တယ်။ နောက်တစ်ယောက်ကျတော့ အောက်ဆီဂျင်တွေ ပေးထားရတယ်” ဟု ဆိုသည်။

ရခိုင်ပြည်တွင် တိုက်ပွဲဖြစ်ပွားသည့်အချိန်မှ ယနေ့အချိန်ထိ မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၉ ဦးနှင့် ဒဏ်ရာရသူ ၇၉ ဦးရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ ကောက်ယူထားသည့် စစ်တမ်းများအရ သိရသည်။ ၎င်းတို့ထဲတွင် ကလေးသူငယ် အများဆုံးပါဝင်နေကြောင်း ဆိုသည်။

ယင်းအပြင် မြန်မာစစ်တပ်နှင့် AA တို့ အပစ်အခတ်ရပ်ဆိုင်းနေသည်မှာ ရှစ်လနီးပါးခန့် ရှိလာနေသော်လည်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းမြို့နယ်များအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရမှုများ မကြာခဏ ကြုံတွေ့နေကြရခြင်းဖြစ် သည်။

ဗီဒီယိုများ