ရွေးကောက်ပွဲနေ့တွင် ကျူဝင်နေသူများ မဲပေးခွင့်ဆုံးရှုံးမည်၊ စစ်တွေမှာ ကျူဝင်နေသူများ ကြိုတင်မဲ မပေးကြရသေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲနေ့တွင် ရခိုင်ပြည်နယ်အတွင်း၌ Quarantine ဝင်နေသူများအနေဖြင့် မဲပေးခွင့်ဆုံးရှုံးမည်ဖြစ်ကြောင်း သက်ဆိုင်ရာခရိုင်ကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။

06 Nov 2020

ခင်သရဖီဦး | DMG
နိုဝင်ဘာလ ၆ ၊ စစ်တွေ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲနေ့တွင် ရခိုင်ပြည်နယ်အတွင်း၌ Quarantine ဝင်နေသူများအနေဖြင့် မဲပေးခွင့်ဆုံးရှုံးမည်ဖြစ်ကြောင်း သက်ဆိုင်ရာခရိုင်ကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။

“၈ ရက်နေ့ဆိုရင် ဘယ်လိုမှ လုပ်မရတော့ဘူး။ သူမဲရုံနဲ့သူ သွားနေရတော့ လူကကုန်သွားရော။ အဲဒီတော့ Quarantine Center တွေသွားပြီး ကောက်ဖို့မဖြစ်နိုင်တော့ဘူး။ ညွှန်ကြားချက်ကလည်း ၇ ရက်နေ့အထိပဲကိုး” ဟု ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးဌေးအောင်ခိုင်က ဆိုသည်။

အဆိုပါနေ့တွင် Quarantine ဝင်ရသူများအနေဖြင့် မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရန် ကော်မရှင်အနေဖြင့် ကြိုတင်ပြင်ဆင်ပြီး လုပ်ဆောင်ထားသင့်ကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဝင်းချေက ထောက်ပြသည်။

“ကျူဝင်နေတဲ့သူတွေဟာလည်း မဲစာရင်းတွေထဲမှ ပါဝင်ပြီးသားဖြစ်နေတာတောင် မဲမပေးရဘူးဆိုရင် UEC အနေနဲ့ရော အစိုးရအနေနဲ့ပါ စိတ်ပျက်ဖို့ကောင်းတဲ့ အနေအထားဖြစ်တယ်။ သူတို့ရပိုင်ခွင့်တွေကို ချိုးဖောက်ရာကျတယ်။ လူထုအတွက်လည်း ဆုံးရှုံးမှုတစ်ခုပေါ့” ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် စစ်တွေမြို့နယ်ရှိ Quarantine Center များတွင် Quarantine ဝင်နေသူများအနေဖြင့် ကြိုတင်မဲပေးရန်အတွက် ရွေးကောက်ပွဲကော်မရှင်မှ စာရင်းပြုစုနိုင်သေးသဖြင့် ၎င်းတို့မှာ ယနေ့အချိန်ထိ ကြိုတင်မဲ မပေးနိုင်ကြသေးပေ။

“မနက်ဖြန် (နိုဝင်ဘာ ၇ ရက်နေ့)သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့ မဲပေးလိုရအောင် ကျနော်တို့ဆောင်ရွက်ပေးမယ်။ စကတည်းက ကြိုပြီးလုပ်ရမယ်ဆိုပေမဲ့ အဲဒီလူတွေက ဘယ်နှစ်ရက်ဝင်လို့ ဝင်ရမယ်မှန်းမသိဘူး။ ရွေးကောက်ပွဲနေ့မှာ ထွက်ချင်လည်းထွက်ရမယ့် လူတွေလည်းရှိတော့ ကြိုပြီးမလုပ်ဘဲ ရက်နီးမှလုပ်ဖြစ်တာ” ဟု စစ်တွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်က ရှင်းပြသည်။

စစ်တွေမြို့နယ်မှာ Quarantine Center (၄) ခုရှိသည့်အနက် စစ်တွေတက္ကသိုလ်နှင့် အထက(၄)တို့တွင် နိုဝင်ဘာ ၆ ရက်နေ့အထိ Quarantine ဝင်နေရသူ ၂၁ ဦးရှိသည့်အနက် ၆ ဦးသာ မဲပေးခွင့်ရှိကြောင်း သိရသည်။

ယင်းအပြင် နိုဝင်ဘာ ၆ ရက်နေ့အထိ သံတွဲမြို့ခရိုင်အတွင်းရှိ Quarantine Center များတွင် Quarantine ဝင်နေသူများထဲမှ ၁၀ ဦးနှင့် ကျောက်ဖြူခရိုင်အတွင်းမှ Quarantine ဝင်နေသူများအနက် မဲဆန္ဒရှင် ၃ ဦး စသည်ဖြင့် ကြိုတင်မဲပေးထားကြပြီးဖြစ်ကြောင်း သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများထံက သိရသည်။

“ဒီနေ့ထိ သံတွဲခရိုင်တခုလုံးမှာ မဲပေးပေးတာ ၁၀ ယောက်ရှိတယ်။ မနက်ဖန်တော့ ဒီထက်တိုးလာနိုင်တယ်” ဟု သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ ခရိုင်ဦးစီးအရာရှိ ဦးမိုးကျော်က ပြောသည်။
Quarantine Center များတွင် Quarantine ဝင်နေသူ မဲဆန္ဒရှင်များအနေဖြင့် အောက်တိုဘာ ၂၅ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အတွင်း သက်ဆိုင်ရာမြို့နယ်နှင့်

ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့များက သက်မှတ်သည့် နေ့ရက်၊ အချိန်နှင့် နေရာများအတိုင်း ကြိုတင်ဆန္ဒမဲများပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ဗီဒီယိုများ