စစ်ကောင်စီ ရုံးပိတ်ရက်များကြောင့် အချုပ်ခန်းထဲမှ အမှုရင်ဆိုင်နေရသည့် တရားစွဲဆိုခံထားရသူများမှာ အချိန်ကြန့်ကြာမှုနှင့် နစ်နာမှုများရှိလာနေ

အစိုးရရုံးပိတ်ရက်တိုးမြှင့်မှု များလာသောကြောင့် တရားရုံးများတွင် အာမခံမရဘဲ အချုပ်ခန်းမှတစ်ဆင့် အမှုရင်ဆိုင်နေရသည့် တရားစွဲဆိုခံထားရသူများအတွက် အချိန်ကြန့်ကြာမှုနှင့် နစ်နာမှုများရှိလာနေသည်ဟု ရှေ့နေများနှင့် တရားစွဲဆိုခံထားရသူများ၏ မိသားစုဝင်များကပြောသည်။

11 Aug 2021

DMG ၊ သြဂုတ် ၁၁

အစိုးရရုံးပိတ်ရက်တိုးမြှင့်မှု များလာသောကြောင့် တရားရုံးများတွင် အာမခံမရဘဲ အချုပ်ခန်းမှတစ်ဆင့် အမှုရင်ဆိုင်နေရသည့် တရားစွဲဆိုခံထားရသူများအတွက် အချိန်ကြန့်ကြာမှုနှင့် နစ်နာမှုများရှိလာနေသည်ဟု ရှေ့နေများနှင့် တရားစွဲဆိုခံထားရသူများ၏ မိသားစုဝင်များကပြောသည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလအတွင်းက စစ်တွေမြို့တွင် လှည့်လည်ကာ “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီ အစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ” စသည့်အချက်များကို တောင်းဆို ဆန္ဒဖော်ထုတ်မှုကြောင့် တရားစွဲဆိုခံထားရသည့် ရခိုင်ကျောင်းသားလေးဦးအမှုသည် ၉ လကျော် အထိရှိနေသည်။

လက်ရှိတွင်လည်း ကိုဗစ်ရောဂါကြောင့် တရားရုံးများပိတ်ထားရသည့်အတွက် ကျောင်းသားလေးဦးအမှုအား အမိန့်မချနိုင်သေးခြင်းမှာ ကျောင်းသားများအတွက် နစ်နာမှုများရှိနေသည်ဟု ရခိုင်ကျောင်းသားသမဂ္ဂ နိုင်ငံရေးဗျုရို တာဝန်ခံ ကိုတိုးတိုးအောင်က ပြောသည်။

“ ကျောင်းသားတွေ အဖမ်းခံရတာဆိုရင် ကိုဗစ်ဒုတိယလိုင်းကဖြစ်တယ်။ အခုဆိုရင် ကိုဗစ်တတိယလိုင်းရောက် နေပြီ။ ကြားထဲမှာလည်း ရုံးထုတ်ပြီးတော့ မစစ်ဆေးတာတွေရှိတဲ့အတွက် သူတို့အတွက် အများကြီးနစ်နာတယ်။ ပြီးတော့ အကျဉ်းထောင်မှာနေရတဲ့အတွက် ပိုပြီး အစားဆင်းရဲ၊ အနေဆင်းရဲတာတွေရှိတယ်။”  ဟု ဆိုသည်။  

ရခိုင်ကျောင်းသားလေးဦးအမှုကို ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်နေ့တွင် စွဲချက်အမိန့်ချရန် တရားရုံးမှ ရုံးချိန်းခဲ့သော်လည်း ယင်းနေ့သည် ဒုတိယအကြိမ် အစိုးရရုံးပိတ်ရက်တွင် ပါဝင်သွားခဲ့သည့်အတွက် လက်ရှိအချိန်ထိ အမိန့်မချနိုင်ဘဲ ရှိနေခြင်းဖြစ်သည်။

ရခိုင်ကျောင်းသားလေးဦးဖြစ်သည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ် ၅၀၅ (ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉) တို့ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ကိုဗစ်တတိယလှိုင်း မဖြစ်မီအချိန်က အကြမ်းဖက်မှုနှင့် တရားစွဲဆိုခံထားရသူများ၏ အမှုများကို ရုံးထုတ်ခဲ့သော်လည်း တစ်စုံတစ်ရာစစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်ရှိ ကိုဗစ်ရောဂါကြောင့် တရားရုံးများ ပိတ်ထားခြင်းမှာ အချိန်တာရှည်လာသဖြင့် ဖမ်းဆီးခံထားရသူများနှင့် မိသားစုဝင်များအတွက် နစ်နာမှုရှိကြောင်း ပြောကြသည်။

အကြမ်းဖက်ဥပဒေပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ကိုဦးလှမောင် (၂၄) နှစ်၏ မိခင် ဒေါ်စံသာနုက “အကြမ်းဖက်အဖွဲ့ကို ပယ်ချလိုက်တာလည်း ကြာသွားပြီ။ အဲဒီအချိန်တုန်းက လွတ်လာမလားလို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် မလွတ်ဘူး။ ဘာဖြစ်လို့ ကျမတို့သားတွေကို ဒီလောက်အကြာ ကြီး ထားတာလဲဆိုတာကို စဉ်းစားမရ ဖြစ်နေတယ်။ ကုန်ကျတာတွေလည်း အများကြီးဖြစ်သွားပြီ။ ရွှေ၊ ငွေက အစ လက်ဆုပ်လက်ကိုင် ဘာတစ်မှ မရှိတော့ဘူး။ ဖြစ်သလို ချေငှားပြီးတော့ စားစရာတွေပို့ပေးနေရတယ်။ သားက ထောင်က ပဲရည်တစ်ခုတည်းနဲ့ စားသောက်လို့မဝင်ဘူး။ ” သူက ပြောသည်။

တရားစွဲဆိုခံထားရသည့် ကိုဦးလှမောင်အပါအဝင် လက္ကာကျေးရွာသား ၂၀ ကျော်မှာ ၂၀၁၉ ခုနှစ် ဧပြီလ ကတည်းက သံသယဖြင့်ဖမ်းဆီးခံခဲ့ရပြီး တရားရင်ဆိုင်နေရသည်မှာ ၂ နှစ်ကျော်အထိ ရှိလာနေပြီ ဖြစ်သည်။

စစ်ကောင်စီ၏ မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ရက္ခိုင့်တပ်တော် (AA)ကို အကြမ်းဖက် အဖွဲ့အဖြစ်မှ ပြန်လည်ရုပ်သိမ်းကြောင်း ယခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာပြီး နောက်တွင် အေအေနှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် တရားစွဲဆိုခံထားရသူများလည်း ပြန်လည်လွတ်မြောက်လာနိုင်သည်ဟု မိသားစုဝင်များကမျှော်လင့် ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် ကိုဗစ်ကြောင့် တရားရေးဆိုင်ရာကိစ္စရပ်များကို ရပ်ဆိုင်းထားခြင်းမှာ အာမခံမရသည့်ပုဒ်မတို့ဖြင့် တရားစွဲခံထား ရသူများအတွက် နစ်နာမှုရှိနိုင်သည့်အတွက် မည်သည့်ပုံစံဖြင့် ရုံးထုတ်စစ်ဆေးမည်ကို စဉ်းစားသင့်ကြောင်း တရားလွှတ်တော်ရှေ့နေ  ဒေါ်သိင်္ဂိမောင်က ပြောသည်။

“ ဖြစ်နိုင်လို့ရှိရင် အချုပ်အမှုတွေကို အွန်လိုင်းကနေပြီးတော့ Video Conferencing (ဗွီဒီယိုအွန်လိုင်းစနစ်) နဲ့ စစ်ပေးမယ်ဆိုလို့ရှိရင်တော့ အမှုတိုးတက်ရာတိုးတက်ကြောင်း ပိုပြီး အဆင်ပြေမယ်လို့ထင်တယ်။ အချိန်ကြန့် ကြာမှုမရှိဘဲ မြန်ဆန်မှာပေါ့”  ဟု ဆိုသည်။

ရခိုင်ပြည်တွင် အာမခံမရသည့်ပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရသည့်အမှုများမှာ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မများ၊ မူးယစ်ဆေးဝါးအမှုများစသည့် အမှုများရှိကြောင်း သိရသည်။

ကိုဗစ်ကပ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီမှ အများပြည်သူရုံးပိတ်ရက်ကို ဇူလိုင် ၁၇ ရက်မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ ရုံးပိတ်ရက် ၄ ကြိမ်တိုင်တိုင် တိုးမြင့်ကြေညာထားသည်။

ရခိုင်ပြည်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂) နှစ်တာကာလအတွင်းမှာ AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲခံရသူ ၃၆၂ ဦးအထိရှိခဲ့ကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်း၏ စာရင်းအရသိရပြီး ယင်းအထဲမှ ပြန်လည်ရုပ်သိမ်းပေးလာသည့် အမှုပေါင်း ၂၁ မှုရှိကြောင်း ပြည်နယ်စစ်ကောင်စီမှ ဇွန်လအတွင်းက DMG သို့ ပြောဆိုထားသည်။

ဗီဒီယိုများ