ရခိုင်ဒေသထွက်ကုန်ပစ္စည်းများ ဈေးကွက်ပိုမိုကျယ်ပြန့်လာစေရန် အွန်လိုင်းမှကြော်ငြာပြီး ရောင်းသူ၊ ဝယ်သူ တိုက်ရိုက်ဆက်သွယ်နိုင်ရန်လုပ်ဆောင်နေ

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှထွက်ရှိသော ဒေသထွက်ကုန်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပမှသိရှိပြီး ဈေးကွက်ပိုမိုကျယ်ပြန့်လာစေရန်အတွက် ထွက်ကုန်မျိုးစုံကို အွန်လိုင်းမှအခမဲ့ကြော်ငြာပေးပြီး ရောင်းသူ၊ ဝယ်ယူတိုက်ရိုက်ဆက်သွယ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း We Love Rakhine အဖွဲ့မှ သိရသည်။

20 Dec 2021

Photo - Made in Rakhine Page

DMG ၊ ဒီဇင်ဘာ ၂၀

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှထွက်ရှိသော ဒေသထွက်ကုန်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပမှသိရှိပြီး ဈေးကွက်ပိုမိုကျယ်ပြန့်လာစေရန်အတွက် ထွက်ကုန်မျိုးစုံကို အွန်လိုင်းမှအခမဲ့ကြော်ငြာပေးပြီး ရောင်းသူ၊ ဝယ်ယူတိုက်ရိုက်ဆက်သွယ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း We Love Rakhine အဖွဲ့မှ သိရသည်။

ရခိုင်ဒေသထွက်ကုန်ပစ္စည်းများကို Made In Rakhine အမည်ဖြင့် Facebook Page မှ အခမဲ့ကြော်ငြာပေးကာ ယင်းသို့လုပ်ဆောင်နေကြောင်း We Love Rakhine အဖွဲ့မှ ဒုဥက္ကဋ္ဌ ကိုတင်ငြိမ်းဦးကပြောသည်။

“လက်ရှိ ရခိုင်ပြည်နယ်မှာထွက်တဲ့ ထွက်ကုန်တွေက လူသိနည်းနေသေးတယ်။ ဒါကြောင့် ရခိုင်ကထွက်တဲ့ ထုတ်ကုန်တွေကို တစ်နိုင်ငံလုံးသိအောင်လို့ အခုလိုရောင်းချပေးမှာဖြစ်ပါတယ်။ ထုတ်လုပ်သူတွေအနေနဲ့ ကျွန်တော်တို့ကိုလာပြောရင် ကျွန်တော်တို့က Page မှာတင်ပေးမှာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ရခိုင်ကထွက်တဲ့ ထုတ်ကုန်တွေကို ပြည်တွင်းသာမက နိုင်ငံတကာအထိပေါက်မြောက်ဖို့ရည်ရွယ်ပါတယ်”ဟု ကိုတင်ငြိမ်းဦးက ဆိုသည်။

ရခိုင်ဒေသထွက်ကုန် ရောင်းချလိုသူများအနေဖြင့် Made In Rakhine ၏ Facebook Messanger သို့ဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းနှင့် ရောင်းချမည့်ပစ္စည်းနှင့် ဈေးနှုန်းများကို Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလိုလုပ်တာက ရခိုင်ထုတ်ကုန်တွေ ဈေးကွက်မှာတွယ်ကျယ်လာစေဖို့နဲ့ ရခိုင်မှာ SME လုပ်ငန်းတွေ တွင်ကျယ်လာစေဖို့အတွက်ပါ။ နောက်ပြီးဒါတွေက ကျနော်တု့ိအဖွဲ့အစည်းရဲ့ Plan ထဲမှာလည်းပါတယ်” ဟု ကိုတင်ငြိမ်းဦးက ပြောသည်။

ယခုကဲ့သို့ဆောင်ရွက်ပေးခြင်းမှာ ကောင်းမွန်သည့် လက္ခဏာတစ်ရပ်ဖြစ်သော်လည်း ရခိုင်မှ SME လုပ်ငန်းရှင်များမှာ လုပ်ငန်းတီထွင်မှုဆိုင်ရာ Idea အကျပ်တည်း၊ မြေယာပိုင်းဆိုင်ရာ အကြပ်အတည်း၊ ဘဏ္ဍာရေးပိုင်ဆိုင်ရာအကြပ်အတည်းနှင့် လုပ်ငန်းပိုင်ဆိုင်ရာကျွမ်းကျင်လုပ်သားရှားပါးမှု စသည့်အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (REIC)မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးကပြောသည်။

“အခုလိုလုပ်ပေးတာက ရခိုင်က SME လုပ်ငန်း လုပ်ကိုင်သူတွေအတွက် ကြော်ငြာပေးရာရောက်တဲ့အတွက် အခြေခံအားဖြင့် ကောင်းတယ်လို့ဆိုလို့ရတယ်။ ဒါပေမယ့် ရခိုင်ရဲ့ SME လုပ်ငန်းရှင်တွေထဲမှာ စွန့်စားပြီးလုပ်ဖို့ မရောက်နိုင်သေးတာတွေရှိနေတယ်။ ဒါတွေကလည်း လက်ရှိနိုင်ငံရေးအခြေအနေနဲ့ စီးပွားရေးအခြေ အနေတွေအပေါ်မှာ အများကြီးမူတည်ပါတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်ရှိ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လက်ရှိဖြစ်ပွားနေသာ နိုင်ငံရေး၊ စီးပွားရေးနှင့် ဘဏ်စနစ်အခြေအနေများကို အစိုးရမှထိန်းချုပ်နိုင်ရန်လိုအပ်ကြောင်းနှင့် ထိုသို့မထိန်းချုပ်နိုင်ပါက SME လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် များစွာအဟန့်အတားဖြစ်စေနိုင်ကြောင်း ဦးခင်မောင်ကြီးက ဆက်ပြောသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်ထဲတွင်ပါဝင်နေပြီး SME လုပ်ငန်းများ နည်းပါးလွန်းသည့် ပြည်နယ်တစ်ခုလည်းဖြစ်သည်။

ဗီဒီယိုများ