မောင်တောမြို့နယ်တွင် မိုင်း ၂ လုံးပေါက်ကွဲ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ နွားရုံတောင်လမ်းကွေ့အနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နံနက် ၉ နာရီခန့်က မိုင်း ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

By ချလူးအောင် 22 Feb 2020

ချလူးအောင် | DMG
ဖေဖော်ဝါရီ ၂၂၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ နွားရုံတောင်လမ်းကွေ့အနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နံနက် ၉ နာရီခန့်က မိုင်း ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

“ ငွေတောင်သွားလမ်း နွားရုံတောင် လမ်းကွေ့နားမှာ ပေါက်တာပါ။ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိပါဘူး။ အရင်ပေါက်နေကျ လက်လုပ်ပလပ်စတစ်မိုင်းမျိုးပါ” ဟု ၎င်းကဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်ခန့်ကလည်း ငါးခူရ ဒုက္ခသည်ပြန်လည်လက်ခံရေးစခန်းသွားသည့်လမ်း လောင်းဒုံကျေးရွာနှင့် ဒိုးတန်းကျေးရွာကြား တံတားအောက်တွင် ဘင်္ဂါလီစာတမ်းပါ မိုင်းတစ်လုံးတွေ့ရှိခဲ့သည်ဟု လောင်းဒုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရဲကျော်က ပြောသည်။

“ကျနော်က နယ်မြေခံနယ်ခြားစောင့်တပ်ကို အကြောင်းကြားပြီး သူတို့ကတစ်ဆင့် မိုင်းရှင်းလင်းရေးတပ်ကို အကြောင်းကြားပြီး တပ်က လာဖြုတ်သွားပါတယ်။ မိုင်းက အသစ်လုပ်ထားတာတွေ့ရပါတယ်။ ဘတ္တရီအိုးပုံသဏ္ဍန်ပါ၊ ၃ ပေလောက်တော့ရှိမယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ဒေသခံများမှာ လုံခြုံရေးစိုးရိမ်နေရသည်ဟု ဒေသခံများထံက သိရသည်။

ဗီဒီယိုများ