စစ်ကောင်စီ၏ ခမရ(၃၅၂)တပ်ရင်း စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံ(မြို)ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် (၃)ကီလိုမီတာခန့်အကွာရှိ ဂုတ်ပီကျော်လမ်း(ပဲရွမ်းတောင်)ရှိ စစ်ကောင်စီ၏ ခမရ(၃၅၂)တပ်ရင်း စခန်းကုန်းတစ်ခုကို ယနေ့(စက်တင်ဘာလ ၁၀ ရက်နေ့)တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ထုတ်ပြန်ထားသည်။

10 Sep 2022

DMG ၊ စက်တင်ဘာ ၁၀

အဆိုပါစခန်းအား ယနေ့နံနက်(၆)နာရီ (၁၇)မိနစ်ခန့်တွင် စစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက်(၇)နာရီ (၂၂)မိနစ်အချိန်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ကြောင်း AA ကဆိုသည်။

စစ်ကောင်စီတပ်မှလည်း ၎င်းစခန်းကုန်းနေရာအနီးတဝိုက်သို့ ရဟတ်ယာဉ်နှစ်စီးဖြင့် တစ်နေကုန် လာရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း AA ကထုတ်ပြန်ထားသည်။

AA က ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်နေဆဲဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၃၁)ရက်နေ့က ရခိုင်-ဘင်္ဂလားနယ်စပ်၊ မိုင်တိုင်အမှတ်(၄၀)အနီးရှိ စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှသိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ၎င်းစခန်းကို ပြန်လည်ရယူရန်ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန် AA ကဆိုသည်။

စစ်ကောင်စီက စစ်အင်အားများတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် ၎င်းစခန်းအနီးတဝိုက်အပြင် ရက္ခိုင်နှင့် ပလက်ဝရှိနေရာများကိုပါ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေခဲ့သည်မှာ တစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဗီဒီယိုများ