အရပ်သားများကိုဖမ်းဆီးနေခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခြင်းဟု ရခိုင်လူ့အခွင့်အရေးအဖွဲ့ဆို

မြန်မာစစ်တပ်က ရခိုင်တွင် အရပ်သားပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်နေခြင်းမှာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းကျုးလွန်နေခြင်းဖြစ်ကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့(AHRDPA)က ယနေ့(ဇွန်လ ၂၄ ရက်)တွင် ထုတ်ပြန်လိုက်သည်။

24 Jun 2022

DMG ၊ ဇွန် ၂၄

မြန်မာစစ်တပ်က ရခိုင်တွင် အရပ်သားပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်နေခြင်းမှာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းကျုးလွန်နေခြင်းဖြစ်ကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့(AHRDPA)က ယနေ့(ဇွန်လ ၂၄ ရက်)တွင် ထုတ်ပြန်လိုက်သည်။

လက်ရှိ ရခိုင်ပြည်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နှင့် စစ်တွေမြို့တို့တွင် ပြည်သူများကို မြန်မာစစ်တပ်က အကြောင်းမဲ့ဖမ်းဆီးပြီး ပစ်ခတ်သတ်ဖြတ်ညှင်းပန်းနှိပ်စက်မှုများရှိနေသည်ဟု ယင်းအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးမြတ်ထွန်းက DMG သို့ပြောသည်။

“အခုအချိန်မှာ နိုင်ငံရေးကို နိုင်ငံရေးအားဖြင့်မဖြေရှင်းဘဲ စစ်ရေးဖော်ဆောင်တဲ့သဘောနဲ့ ပြည်သူတွေကို မြန်မာစစ်တပ်ကလိုက်ဖမ်းတယ်။ ပထမဦးဆုံး ကျောက်ဖြူမှာဖမ်းတယ်၊ နောက်ပြီးတော့ ပလက်ဝမှာဖမ်းတယ်။ ရက္ခိုင့်တပ်တော်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေကို ဖမ်းတယ်ဆိုတော့ သူတို့က ရက္ခိုင့်တပ်တော်ကို တုန့်ပြန်တဲ့အနေနဲ့ အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးချုပ်နှောင်မှုတွေ လုပ်လာတယ်။ အဲဒါတွေက မတရားလုပ်ရပ်တွေဖြစ်တယ်၊ လူ့အခွင့်အရေးကိုချိုးဖောက်နေတာဖြစ်တယ်”ဟု ဦးမြတ်ထွန်းကဆိုသည်။

ယင်းအပြင် ပြည်သူများကိုအပြစ်ရှာပြီး မတရားဖမ်းဆီးမှု၊ ပစ်ခတ်သတ်ဖြတ်ညှင်းပန်းနှိပ်စက်မှုများမှာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်သည့်အတွက် ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ထုတ်ပြန်ထားသည်။

ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ခဲ့သောစစ်ပွဲကို နှစ်ဖက်နားလည်မှုဖြင့် ၂၀၂၀ ခု နှစ်ကုန်ပိုင်းတွင် အပစ်ရပ်စဲခဲ့သည်။

သို့သော် ယခုအချိန်တွင် နှစ်ဖက်ဆက်ဆံရေးတင်းမာမှုများရှိလာပြီး ရက္ခိုင့်တပ်တော်၏တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်က ဖမ်းဆီးသည်ဆိုဟုဆိုကာ မြန်မာစစ်တပ်၏တပ်ဖွဲ့ဝင်အချို့ကိုလည်း ရက္ခိုင့်တပ်တော်က ဖမ်းဆီးမှုများရှိလာသည်။ ထိုသို့တပ်ဖွဲ့ဝင်များ ဖမ်းဆီးမှုများဖြစ်ပေါ်သည့် မြို့များတွင် မြန်မာစစ်တပ်က ဒေသခံအများအပြားကို သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုများရှိနေသည်။

ထိုသို့ ရခိုင်ပြည်အတွင်း ဖမ်းဆီးနေသည့်ကိစ္စကို နိုင်ငံရေးနည်းလမ်းဖြင့် ကြားခံများနှင့်ချိတ်ဆက်ကာ နှစ်ဦးနှစ်ဘက် တွေ့ဆုံညှိနှိုင်းအဖြေရှာဆွေးနွေးရန်လိုအပ်သည်ဟု ရခိုင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဒေါက်တာ အေးမောင်က ရှုမြင်သည်။

“အခုလက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ဖမ်းဆီးနေမှုတွေနဲ့ပတ်သက်ပြီးတော့ နှစ်ဖက်စလုံးက စဉ်းစားဖို့လိုအပ်တယ်။ ULA/AA နဲ့ မြန်မာတပ်မတော်ကြားမှာ နှစ်ဖက်တွေ့ဆုံနိုင်အောင် လက်ရှိအခင်းအကျင်းပေါ်မှာ နှစ်ဖက်ယုံကြည်နိုင်တဲ့ ပုဂ္ဂိုလ်နဲ့တွေ့ဆုံနိုင်အောင် ကြားခံအဖွဲ့အစည်းတွေအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့လိုအပ်တယ်။ ငြိမ်းချမ်းမှုကိုလိုလားတယ်ဆိုရင် နှစ်ဖက်လုံးထုတ်ဖော်လုပ်ဆောင်ဖို့လိုတယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။

နှစ်ဘက်အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်အောင်အတွက် ဖမ်းထားသည့်သူများကိုပြန်လည်လွှတ်ပေးရန် သဘောတူညီမှုရရှိရန်လိုအပ်ကြောင်းလည်း ဒေါက်တာအေးမောင်က ဆက်ပြောသည်။

“ဟိုဖက်ကဖမ်းလို့ ဒီဖက်ကဖမ်းတယ်ဆိုတာမျိုးထက် တွေ့ဆုံဆွေးနွေးမှုဟာ အဓိကဖြစ်တယ်။ ယုံကြည်မှုကိုတည်ဆောက်ဖို့လိုတယ်။ အဲဒါကို သတင်းစာရှင်းပွဲမှာ ULA/AA ဘက်က်က စပြောမှာလား (သို့မဟုတ်) ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ဘက် ဖိတ်ခေါ်မှာလားဆိုတာကို စောင့်ကြည့်ရမယ်။ တစ်ခုခုတော့ ကြိုးစားသင့်တယ်”ဟု ဒေါက်တာအေးမောင်ကပြောသည်။

ရက္ခိုင့်တပ်တော်(AA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယခုရက်ပိုင်းအတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့များမှ ပြည်သူများကို မြန်မာစစ်တပ်ကလိုက်လံဖမ်းဆီးနေခြင်းမှာ တစ်ဖက်နှင့်တစ်ဖက်ယုံကြည်မှုကို လုံးဝပျက်ပြယ်စေသည့်လုပ်ရပ်ဖြစ်ကြောင်း ဇွန်လ ၂၁ ရက်နေ့ DMG သို့ပြောဆိုထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းအား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

သို့သော်လည်း ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်သောကြောင်း ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးအတွက် စိတ်ရှည်သည်းခံနေရကာ AA ကတိုက်ပွဲခေါ်နေသည့်ပုံစံမျိုးဖြစ်နေသဖြင့် ပြဿာနာဖြစ်လာလျင် မြန်မာစစ်တပ်ကို အဆိုးမဆိုရန်ပြောဆိုခဲ့သည်။

DMG မှစာရင်းပြုစုချက်အရ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရမ်းဗြဲနှင့် စစ်တွေမြို့တို့တွင် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၁ ဦးကို AA က ဖမ်းဆီးခဲ့သည်။

မြန်မာစစ်တပ်မှလည်း အဆိုပါမြို့များမှာ ဒေသခံ ၆၀ ဦးထက်မနည်းကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး အချို့မှာပြန်လည်လွတ်မြောက်လာသော်လည်း စာရင်းအတိအကျကို မသိရသေးပေ။

ဗီဒီယိုများ