မာန်အောင်မြို့နယ်အတွင်း စားသောက်ကုန်များပြတ်လပ်မည်ကို ဒေသခံများစိုးရိမ်

COVID-19 ရောဂါအခြေအနေကြောင့် ပြည်နှင့်တောင်ကုတ် ကားများသွားလာမှု ပိတ်ဆို့ထားပြီး ယခုကဲ့သို့ ကုန်ကားများ အသွားအလာမရှိဘဲ တာရှည်ဖြစ်နေလျှင် မာန်အောင်မြို့နယ်အတွင်း စားသောက်ကုန်များ ပြတ်လပ်ကာ အခက်အခဲဖြစ်လာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်နေကြပါတယ်။

By အောင်ကောင်းဇော် 28 Aug 2020

အောင်ကောင်းဇော် | DMG
သြဂုတ် ၂၈ ၊ မာန်အောင်

COVID-19 ရောဂါအခြေအနေကြောင့် ပြည်နှင့်တောင်ကုတ် ကားများသွားလာမှု ပိတ်ဆို့ထားပြီး ယခုကဲ့သို့ ကုန်ကားများ အသွားအလာမရှိဘဲ တာရှည်ဖြစ်နေလျှင် မာန်အောင်မြို့နယ်အတွင်း စားသောက်ကုန်များ ပြတ်လပ်ကာ အခက်အခဲဖြစ်လာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်နေကြပါတယ်။

လက်ရှိတွင် ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်များကို တောင်ကုတ်မြို့နယ်တစ်ခုတည်းက မှာယူနေရပြီး ယင်းသို့ မှာယူရာတွင်လည်း အခက်အခဲရှိနေသည်ဟု အသီးအရွက်အရောင်းအဝယ်ပြုလုပ်သူ မတင်အေးရွှေက ဆိုသည်။

“အရင်တုန်းကတော့ ပြည်ဖက်က မှာတယ်။ အခုက ပြည်ဖက်ကကားတွေ တောင်ကုတ်ကိုမသွားရတော့ ပြည်က မှာလို့မရတော့ဘူး။ တောင်ကုတ်ကနေပြီးပဲ မှာနေရတယ်။ ပစ္စည်းက လိုသလောက် မှာလို့မရဘူး။ ပြီးတော့ မာန်အောင်-တောင်ကုတ် ရေကြောင်းကလဲ နေ့စဉ်ပြေးဆွဲမှုမှမရှိတာ။ အဲဒါကြောင့် စားသောက်ကုန် မှာယူရေးမှာတော့ နည်းနည်းအခက်အခဲဖြစ်နေတယ်။ ဈေးတက်တာတော့မရှိပါဘူး” ဟု ၎င်းကဆိုသည်။

မာန်အောင်မြို့အတွင်းရှိ ဒေသခံများမှာ လက်ရှိလယ်ယာလုပ်ကိုင်သူ နည်းပါးခြင်းကြောင့် ပြည်မမှဆန်များကို မှာယူကာ အဓိကစားသုံးနေရပြီး ပြည်မမှကုန်သွယ်ခွင့်မရလျှင် တစ်လအတွင်း စားသုံးဆန်အခက်အခဲ ဖြစ်လာနိုင်သည်ဟု မာန်အောင်မြို့နယ်မှ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ဦးထွန်းတင်က ဆိုသည်။

“မာန်အောင်က ပြည်မက ဆန်၊ဆီကို အဓိကထားစားသုံးသူတွေ များလာကြတယ်။ ဒီနှစ်ဆိုရင် ပိုပြီး ဆန်ဝယ် စားသူတွေများလာတယ်ဆိုတော့ အခုက ပြည်မကမှာလို့ လုံးဝမရတော့ဘူး။ တောင်ကုတ်မှာရှိတဲ့ ပစ္စည်းတွေ ကိုပဲမှာလို့ရတယ်။ တောင်ကုတ်ကသာ ပြတ်ပြီး မှာလို့မရတော့ဘူးဆိုရင် စားသောက်ရေးအတွက် အခက်အခဲ ဖြစ်လာတော့မှာ။ လောလောဆယ်တော့ အဆင်ပြေနေသေးတယ်” ဟု ၎င်းကပြောသည်။

မာန်အောင်မြို့နယ်သည် ဘင်္ဂလားပင်လယ်အော်ထဲတွင်တည်ရှိသော ကျွန်းတစ်ကျွန်းဖြစ်ပြီး ပြည်မမှကုန်စည် များကိုသာ အဓိကအားထားနေရသည်။ ယခု COVID-19 ကာလ ကုန်စည်ပြတ်တောက်မှုမရှိစေရန် အစိုးရကို တင်ပြထားသည်ဟု မာန်အောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးကဆိုသည်။

"အခုက COVID-19 ကြောင့် ကုန်စည်လမ်းကြောင်းတွေ ခေတ္တပိတ်ထားတာရှိတယ်ဆိုတော့ မာန်အောင် ကုန်အနေဖြင့် ကုန်စည်ပြတ်တောက်မှုမရှိရအောင် ပြည်မကယူလာတဲ့ပစ္စည်း ကုန်ကားကို တောင်ကုတ်နဲ့ ပြည်အကြားနယ်စပ် ညောင်ကျိုးမှာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အချင်းချင်း ချိန်းပြောင်းပေးတဲ့စနစ်နဲ့ ဆောင်ရွက်ဖို့အတွက်ကို တင်ပြထားတယ်” ဟု ၎င်းကဆိုသည်။

ဟင်းသီးဟင်းရွက်များကို လက်ရှိမှာယူရေးအပိုင်းတွင် အခက်အခဲရှိနေပြီး နောက်တစ်ပတ်အတွင်း ပြည်မဖက်မှ သယ်ယူခွင့်မရှိလျှင် ဟင်းသီးဟင်းရွက်ပြတ်တောက်သွားနိုင်ကြောင်းနှင့် ဆန်၊ အိမ်ဆောက်ပစ္စည်း စသည် တို့မှာ ၂ ပတ်အတွင်း ပြည်လမ်းကြောင်းမဖွင့်လျှင် ပြတ်တောက်သွားနိုင်ကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။

ဗီဒီယိုများ