မာန်အောင်မြို့နယ်တွင် ကျေးရွာအချို့ရေရှားပါးမှု ကြုံတွေ့နေရ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့် ဧပြီလကုန်မှစ၍ ရေတွင်းရေကန်များ၌ ရေခမ်းခြောက်ကာ ရေရှားပါးမှုနှင့် ရင်ဆိုင်လာရပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

By အောင်ကောင်းဇော် 12 May 2020

အောင်ကောင်းဇော် | DMG
မေ ၁၂ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့် ဧပြီလကုန်မှစ၍ ရေတွင်းရေကန်များ၌ ရေခမ်းခြောက်ကာ ရေရှားပါးမှုနှင့် ရင်ဆိုင်လာရပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မာန်အောင်မြို့နယ်အတွင်းမှ ပန်းဖဲ၊ ရေမျက်ဝ၊ နဂါး၊ ဒိုးတန်း၊ ဖက်ယား၊ သရော်တော စသည့်ကျေးရွာများတွင် ရေရှားပါးမှုကို ကြုံတွေနေရပြီဖြစ်ကာ သောက်သုံးရေအတွက် ရွာနှင့်အလှမ်းဝေးသည့် စမ်းချောင်းများမှ ရေများနှင့် ရေအလှူရှင်များကို အားကိုးနေကြရကြောင်း ဒေသခံများကဆိုသည်။

“ရေရှားပါးတော့ အလုပ်နည်းနည်းရှုပ်တယ်။ စမ်းချောင်းကနေ ရေခပ်ဖို့သွားရင် မိသားစုလိုက်သွားရေတော့ အပြင်ငွေရှာမယ့်အလုပ်တွေကို လုပ်ဖို့ကြန့်ကြာကုန်ရော။ ကျွန်တော်တို့ရွာက လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ ရေလာလှူတဲ့သူလည်း နည်းတယ်”ဟု နဂါးကျေးရွာမှ ဦးတင်ထွန်းကပြောသည်။

အချို့ကျေးရွာများတွင် ရေရှားပါးလာသည့်အတွက် ကျွဲ၊နွားများအတွက် သောက်ရေမလုံလောက် ဖြစ်နေကြောင်း သိရသည်။

“ကန်ကတော့ရှိတယ်၊ ဒါပေမယ့်ရေမရှိတော့ဘူး။ အခုက အပူချိန်လည်းပြင်းလာတယ်။ နောက်တစ်လ လောက်သာ ဒီအတိုင်းဆက်သွားရမယ်ဆိုရင် ကျွဲ၊ နွားတွေ သောက်သုံးရေအခက်တွေ့ပြီး သေဆုံးမှုတွေ ဖြစ်လာနိုင်တယ်”ဟု ဖက်ယားကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ ဦးလူလှက ဆိုသည်။

ရေရှားပါးသည့်ကျေးရွာများသို့ မာန်အောင်မြို့နယ်မှ ရေအလှူရှင်အချို့က လာရောက်လှူဒါန်းမှုများ ရှိသော် လည်း လုံလောက်မှုမရှိသောကြောင့် အချို့ကျေးရွာများတွင် နောက်ကျိနေသည့်ရေများကို တစ်ညခန့် အနေထိုင်အောင်ထားပြီးမှ အသုံးပြုနေကြရကြောင်း ဒေသခံများကဆိုသည်။

အဆိုပါ ရေရှားပါးသည့်ကျေးရွာများသို့ အစိုးရမှ သောက်ရေကန်များ တူးဖော်ပေးထားသော်လည်း နှစ်စဉ် ဧပြီလအကုန်ခန့်တွင် ရေခမ်းခြောက်ကုန်သည့်အတွက် ယခုကဲ့သို့ ရေအခက်အခဲကြုံတွေ့နေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဗီဒီယိုများ