မာန်အောင်တွင် မြေအိုးသုံးစွဲမှု နည်းပါးလာသည့်အတွက် မြေအိုးလုပ်ကိုင်သူ နည်းပါးလာ

ယခင်က မာန်အောင်ဒေသ၏ လူဦးရေ သုံးပုံတစ်ပုံခန့်မှာ မြေအိုးလုပ်ငန်း လုပ်ကိုင်ခဲ့ကြသော်လည်း မြေအိုးသုံးစွဲသူ တစ်ဖြည်းဖြည်း နည်းပါးလာသည့်အတွက် ယခုအခါ မြေအိုးလုပ်ငန်း လုပ်ကိုင်သည့်ကျေးရွာ သုံးရွာခန့်သာ ရှိတော့သည်ဟု မြေအိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်စန်းစန်းအေးကပြောသည်။

By အောင်ကောင်းဇော် 26 Mar 2020

အောင်ကောင်းဇော် | DMG
မတ်လ ၂၆ ၊ မာန်အောင်

မြေအိုးသုံးစွဲသူများ နည်းပါးလာနေသည့်အတွက် ရခိုင်ပြည်နယ်၊ မာန်အောင်ဒေသတွင် မြေအိုးလုပ်ငန်း လုပ်ကိုင်သူ နည်းပါးလာသည်။

ယခင်က မာန်အောင်ဒေသ၏ လူဦးရေ သုံးပုံတစ်ပုံခန့်မှာ မြေအိုးလုပ်ငန်း လုပ်ကိုင်ခဲ့ကြသော်လည်း မြေအိုးသုံးစွဲသူ တစ်ဖြည်းဖြည်း နည်းပါးလာသည့်အတွက် ယခုအခါ မြေအိုးလုပ်ငန်း လုပ်ကိုင်သည့်ကျေးရွာ သုံးရွာခန့်သာ ရှိတော့သည်ဟု မြေအိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်စန်းစန်းအေးကပြောသည်။

“ဒီလုပ်ငန်းကို လုပ်လာတာက မိဘရိုးရာကတည်းက လုပ်လာတာ။ နှစ်ပေါင်း ၈၀ ကျော်နေပြီ။ ဒီလုပ်ငန်းက ကိုယ့်မိဘတွေရဲ့လက်ငုတ်လက်ရင်း အလုပ်လည်းဖြစ်တယ်။ မိသားစုစီးပွားရေးလည်းဖြစ်တယ်။ မြေအိုးအသုံးပြုသူတွေ နည်းလာတယ်။ ဒယ်အိုးကို အသုံးပြုတာ များလာတယ်။ ဒါပေမယ့် မြေအိုးနဲ့ ချက်တဲ့ဟင်းက ပိုစားလို့ကောင်းတယ်”ဟု ၎င်းကဆိုသည်။

ယခင်က မြေအိုးမျိုးစုံကို ထုတ်လုပ်ရောင်းချခဲ့ရသော်လည်း ယခုအခါ ငရုတ်ဆုံ၊ ရေအိုးနှင့် ဟင်းအိုးတို့ကိုသာ အဓိကထား ထုတ်လုပ်နေကြရကြောင်း မြေအိုးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

မြေအိုးလုပ်ငန်းကို ဇန်နဝါရီလမှ ဧပြီလအထိသာ လုပ်ကိုင်ရပြီး မိုးရာသီတွင် လုပ်ကိုင်ရန် အဆင်မပြေသောကြောင့် ရပ်နားထားရပြီး တခြားလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်ရသည်ဟု ဒေါ်နုလှမေက ပြောသည်။

“အိုးလုပ်တာက တစ်နေ့ကို ဘယ်လောက်ပြီးတယ် ပြောလို့မရဘူး။ တစ်ခါတစ်လေ ၂၀ ပြီးတဲ့အခါလည်းပြီးတယ်။ ၃၀ ပြီးတဲ့အခါလည်းပြီးတယ်။ မနက်ကတည်းက လုပ်တယ်ဆိုရင် တစ်ခါတစ်ခါ ညတစ်နာရီထိ လုပ်တဲ့အခါလည်း လုပ်ရတယ်။ ပြီးတော့မိုးရာသီဆို လုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ မိုးအစိုမခံဘူး။ အိုးလုပ်လို့ရရင်တောင် နေလှမ်းပြီး မီးဖုတ်မယ့်နေရာ မရှိဘူး” ဟု ၎င်းကဆိုသည်။

မြေအိုးကောင်းတစ်လုံးရရှိရန်အတွက် အလုံး၊ အတွန်း၊ အထိပ်၊ အဖွင့်နှင့် အချောကိုင်သည့်အဆင့် ၅ ဆင့်ဖြင့် လုပ်ကိုင်ရကာ မြေအိုးကို ရွံ့မြေနှင့်ချောင်းမှသဲတို့ ရောစပ်နင်းနယ်ကာ လုပ်ကိုင်ရခြင်းဖြစ်ကြောင်း ဒေါ်နုလှမေက ပြောသည်။

လက်ရှိတွင် ဟင်းအိုးငယ်တစ်လုံးလျှင် ၇၀၀ ကျပ်၊ ရေအိုးကြီးတစ်လုံးလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်း ဝယ်နေကြကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ဗီဒီယိုများ