မာန်အောင်မြို့နယ်မှ ကျေးရွာအချို့တွင် စပါးများပျက်စီးမှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းမှ ကျေးရွာအချို့တွင် စပါးသီးနှံများပျက်စီးကာ မရိတ်သိမ်းရဘဲ ဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း တောင်သူများထံမှ သိရသည်။

By အောင်ကောင်းဇော် 03 Dec 2020

အောင်ကောင်းဇော် | DMG
ဒီဇင်ဘာ ၃ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းမှ ကျေးရွာအချို့တွင် စပါးသီးနှံများပျက်စီးကာ မရိတ်သိမ်းရဘဲ ဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း တောင်သူများထံမှ သိရသည်။

စပါးပျက်စီးမှုများ ယခင်ကဖြစ်ပွားမှုမရှိခဲ့သော်လည်း ယခုနှစ်တွင် စပါးအသီးများဖြစ်သော်လည်း အဖျင်းများသာသီးလာခြင်းကြောင့် စပါးစိုက်တောင်သူများအနေဖြင့် ဆုံးရှုံးမှုများနှင့်ကြုံတွေ့နေရသည်ဟု မာန်အောင်မြို့နယ် ကျွန်းကြားကျေးရွာမှ ဦးခင်မောင်သန်းက ဆိုသည်။

“တောင်သူတိုင်းလိုလိုမှာ ဖြစ်ကြတယ်။ အသီးမဖြစ်ဘူးပေါ့။ ကျနော့်မှာလည်း ဧကဝက်လောက်ဖြစ်တယ်။ ကျနော်တို့ရွာကတောင်သူတစ်ဦးမှာဆိုရင် ၂ ဧကကျော်လောက် အဲလိုဖြစ်တယ်။ ဘာလို့ဖြစ်တယ်ဆိုတာ ကိုတော့ ကျွန်တော်တို့မသိဘူး” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ စပါးသီးများပျက်စီးခြင်းများမှာ မာန်အောင်မြို့နယ်၊ ကျွန်းရွာကျေးရွာတွင်လည်း ဖြစ်ပွားမှု ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျွန်းရွာကျေးရွာမှ တောင်သူ ဦးထွန်းမင်းက “ကျနော်တို့ဆီမှာလည်း နည်းနည်းဖြစ်တယ်။ အဲလို အသီးမအောင် တာတွေ၊ ကျနော်တို့ကတော့ မိုးနည်းလို့ဖြစ်တာလို့ထင်တယ်၊ သေသေချာချာမသိဘူး” ဟု ပြောသည်။

မာန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းစောက ယခုကဲ့သို့ဖြစ်ပွားခြင်းမှာ စပါးပန်းပွင့်ချိန်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယခုကဲ့သို့ စပါးအဖျင်းသီးခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒါက စပါးပန်းပွင့်တဲ့အချိန်မှာ မိုးက အဆက်မပြတ်ရွာသွန်းလို့ အခုလိုအဖျင်းတွေသီးတာ။ ကျန်တာ ပိုးကျတာတွေ ဘာတွေတော့မဟုတ်ဘူး” ဟု ၎င်းကပြောသည်။

မာန်အောင်မြို့နယ်အတွင်းမှ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးစရိတ်နှင့် ရိတ်သိမ်းစရိတ် ကုန်ကျမှု များကြောင့် လယ်ယာလုပ်ကိုင်ရာမှ အခြားလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်လာနေကြသည်။

လက်ရှိမာန်အောင်မြို့နယ်အတွင်းတွင် ဒေသတင်းဖြင့် စပါးတစ်တင်းလျှင် ၆၅၀၀ ကျပ် ဈေးနှုန်းရှိကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။ ဒေသထွက်ဆန်ထက် ပြည်မမှာလာသောဆန်များကို ဝယ်ယူ စားသုံးသူများကြောင်းလည်း မာန်အောင်မြို့နယ်မှ ဆန်ရောင်းဝယ်သူများကဆိုကြသည်။

ဗီဒီယိုများ