တစ်လကျော်ကြာဖမ်းဆီးခံထားရသည့် မအီမြို့ ANP ဥက္ကဋ္ဌ ပြန်လည်လွတ်မြောက်လာ

တပ်မတော်က သံသယဖြင့်ဖမ်းဆီးခေါ်ဆောင်သွားသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးမျိုးလွင်သည် တစ်လကျော်ကြာဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ကာယကံရှင်က ပြောသည်။

By နှင်းနွယ် 20 Jul 2020

နှင်းနွယ် | DMG
ဇူလိုင် ၂၀ ၊ တောင်ကုတ်

တပ်မတော်က သံသယဖြင့်ဖမ်းဆီးခေါ်ဆောင်သွားသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးမျိုးလွင်သည် တစ်လကျော်ကြာဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ကာယကံရှင်က ပြောသည်။

“အဖမ်းခံထားရတဲ့အချိန်တွေမှာ ရိုက်နှက်စစ်ဆေးခံခဲ့ရတာတွေတော့ မရှိဘူး။ ပုံမှန်မေးမြန်းစစ်ဆေးရုံလောက် ပါပဲ။ ဘာမှမသိဘဲ အဖမ်းခံံလိုက်ရတာဖြစ်တဲ့အတွက် အခုပြန်လွတ်လာတော့ အရမ်းဝမ်းသာပါတယ်” ဟု ပြန်လည်လွတ်မြောက်လာသည့် ဦးမျိုးလွင်ကပြောသည်။

၎င်းအား ဇွန်လ ၉ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် တပ်မတော်သားများသည် အင်အား ၃၀ ခန့်ဖြင့် နေအိမ်သို့လာရောက်ဖမ်းဆီးခဲ့ကာ အမ်းမြို့နယ်ရှိ တပ်ရင်းတစ်ခု၌ တစ်လကျော်ကြာချုပ်နှောင်ခံခဲ့ရပြီး ဇူလိုင် ၁၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

“သူ့ကို တိုင်တဲ့သူကတော့ တိုင်တာပေါ့နော်။ အဲဒီလို တိုင်တဲ့အပေါ်မှာ မူတည်ပြီးတော့ စုံစမ်းစစ်ဆေးတဲ့အခါမှာ အမှုစွဲဆိုနိုင်လောက်တဲ့ အထောက်အထား မတွေ့ဘူး။ တကယ်လို့ ပြစ်မှုထင်ရှားခဲ့တယ်ဆိုရင် သူ့ကိုမအီ ရဲစခန်းကိုလွှဲပြောင်းပေးမှာ။ ဒါပေမဲ့ ပြစ်မှုမထင်ရှားခဲ့တဲ့အတွက် ပြန်လွှတ်ပေးလိုက်တာပါ” ဟု ရခိုင်အမျိုးသား ပါတီ(ANP) ဒု-ဥက္ကဋ္ဌ(၁) တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ရှင်းပြသည်။

အလားတူ မအီမြို့၊ ချက်ဖောက်ကျေးရွာမှ ANP ကျေးရွာရုံး တွဲဖက်အတွင်းရေးမှူးတစ်ဦးနှင့် ANP ပါတီဝင် တစ်ဦးတို့မှာလည်း ဇွန်လ ၁ ရက်နေ့နှင့် ဇွန်လ ၃ ရက်နေ့တို့တွင်ဖမ်းဆီးခံခဲ့ရပြီး ယနေ့အချိန်ထိပြန်လည် လွတ်မြောက်လာခြင်းမရှိသေးပေ။

ဗီဒီယိုများ