စစ်ကောင်စီဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ခြင်းမှာ ဟန်ပြသဘောဟု နိုင်ငံရေးလေ့လာသူအချို့ ဝေဖန်

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဖိတ်ခေါ်ခြင်းမှာ ဟန်ပြလုပ်ရပ်တစ်ခုအဖြစ် နိုင်ငံရေးလေ့လာသူများက ရှုမြင်ကြသည်။

23 Apr 2022

DMG ၊ ဧပြီ ၂၃

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဖိတ်ခေါ်ခြင်းမှာ ဟန်ပြလုပ်ရပ်တစ်ခုအဖြစ် နိုင်ငံရေးလေ့လာသူများက ရှုမြင်ကြသည်။

စစ်ကောင်စီအနေဖြင့် ထိုသို့ဖိတ်ခေါ်ခြင်းမှာ ပြည်တွင်းရှိ PDF များဖြင့်တိုက်ခိုက်နေရချိန်တွင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်မျက်နှာမဖွင့်လိုသည့်အတွက် ယခုကဲ့သို့ ဟန်ပြသဘောဖြင့် ဖိတ်ခေါ်ခြင်းမျိုးသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က DMG သို့ ပြောသည်။

“အခုက ပြည်မမှာ PDF တွေနဲ့ (စကစ)တပ်တွေက နေရာတိုင်းနီးပါး တိုက်ပွဲဖြစ်နေကြတာဖြစ်တယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ထွက်ပြီးတော့ ကျင်းပမယ့် ဒီဆွေးနွေးပွဲဟာလည်း ဟန်ပြ အတုအယောင်သာဖြစ်ပြီးတော့ လက်တွေ့မှာ ဘာငြိမ်းချမ်းရေးအသီးအပွင့်မှ ရရှိစရာအကြောင်းမရှိပါဘူး”ဟု ၎င်းကရှုမြင်သည်။

လက်ရှိတွင် EAOs အဖွဲ့အစည်းများအနေဖြင့် NUG နှင့်ပူးပေါင်းသွားမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည့်အပြင် စစ်ကောင်စီဖိတ်ခေါ်သည့်ဆွေးနွေးပွဲသို့ အင်အားမရှိသည့် EAOs များသာ တက်ရောက်နိုင်ခြေရှိကြောင်းလည်း ဦးသန်းစိုးနိုင်ကမှတ်ချက်ပေးသည်။

သို့သော်လည်း စစ်ကောင်စီဘက်ကတော့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်အဖြစ် လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန်ဟုဆိုသည်။

“အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင်တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများပြုလုပ်သွားပါမယ်။ လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှုတွေကိုလည်း ပြုလုပ်သွားပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင်နှစ်ဦးစီ တက်ရောက်ပေးကြရန်နှင့် တက်ရောက်မည့်သူ၊ ပုဂ္ဂိုလ်များ၏အမည်ကို မေလ ၉ ရက်နေ့ကို နောက်ဆုံးထားစာရင်းပေးပို့ရန်လည်း မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါဖိတ်ခေါ်ချက်မှာ စစ်ကောင်စီအတွက် အကျိုးဖြစ်ထွန်းစေမည့်လုပ်ရပ်မျိုးမဟုတ်ပဲ ၎င်းတို့၏ အင်အားချိနဲ့လာမှုကို ထုတ်ဖော်လိုက်သော လုပ်ရပ်တစ်ခုသာဖြစ်ကြောင်း ဝါရင့်ရခိုင့်နိုင်ငံရေးသမား တစ်ဦးဖြစ်သူ ဦးဖေသန်းကဆိုသည်။

“စစ်ကောင်စီအနေနဲ့ ဟန်ပြသဘောမျိုး ဈေးဗန်းခင်သလိုခေါ်ပြီး ဆွေးနွေးတာထက် တိကျသေချာတဲ့ ဥပဒေမျိုးရေးဆွဲပြီး ခေါ်ယူဆွေးနွေးသင့်တယ်။ ဒီလိုမျိုး ခေါ်ယူဆွေးနွေးတာတွေက နှစ်ခုနှစ်ဆယ်ကျော်လာပြီ။ ဘာအကျိုးမှ မထူးဘူးလေ။ နောက်ပြီး လက်ရှိမှာ စစ်ကောင်စီရဲ့အင်အားချိနဲ့လာတာကို လူသိရှင်ကြား ထုတ်ပြောလိုက်တာမျိုးကိုလည်း ဒီဖိတ်ခေါ်မှုမှာတွေ့မြင်ရတယ်”ဟု ဦးဖေသန်းကသုံးသပ်ပြောဆိုသည်။

သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကမူ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်အပေါ်ကြိုဆိုကြောင်းနှင့် ယခုကဲ့သို့ဆွေးနွေးခြင်းသည် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်ကြောင်းလည်းယူဆနေကြသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဒုဥက္ကဋ္ဌဖြစ်သူ စောမြရာဇာလင်းက “အဓိကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာကိုကြိုဆိုသင့်တယ်။ (ALP)ပါတီအစဉ်အလာအရဆိုရင် ပါတီတွင်းမှာ ဆွေးနွေးဆုံးဖြတ်ပြီးတော့ ဖိတ်ခေါ်မှုတွေကို တက်ရောက်ဆွေးနွေးတာတွေ ရှိပါတယ်။ အခုလည်း ကမ်းလှမ်းမှုကို ပါတီတွင်းမှာဆွေးနွေးပြီးတော့ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ တက်ရောက်ဖို့ ဖြစ်နိုင်ခြေ များတယ်လို့ပြောချင်တယ်”ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ ရက္ခိုင့်တပ်တော်(AA)ဘက်ကတော့ တက်၊ မတက်ကို AA ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသေးပေ။ AA အနေဖြင့် ၎င်းတို့၏မဟာမိတ်များဖြစ်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ(FPNCC)အဖွဲ့ဝင်များနှင့် ညီနောင်မဟာမိတ်အဖွဲ့တို့နှင့်ပါ ယင်းကိစ္စအပေါ် ဆွေးနွေးအုံးမည်ဖြစ်ကြောင်း DMG က စုံစမ်းသိရှိရသည်။

ULA နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက “စစ်ကောင်စီရဲ့ဖိတ်ခေါ်မှုအပေါ် တက်၊မတက်ဆိုတာကတော့ ကျနော်လည်းမသိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အဖွဲ့ဟာ တစ်ဖွဲ့တည်းဆုံးဖြတ်ချက်မချဘူး။ မဟာမိတ်တွေဖြစ်တဲ့ (ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ)FPNCC ရယ်၊ ပြီးရင် ညီနောင်မဟာမိတ် သုံးဖွဲ့ရှိတယ်။ သူတို့နဲ့တိုင်ပင်ဆွေးနွေးရဦးမယ်ထင်ပါတယ်”ဟု ပြောဆိုထားသည်။

ဆွေးနွေးပွဲသို့တက်ရောက်လာမည့် တိုင်းရင်းသားလက်ကိုင်အဖွဲ့များအား ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ခိုင်ခိုင်မာမာအာမခံကြောင်းလည်း စစ်ကောင်စီ ဥက္ကဋ္ဌက ပြောဆိုထားသလို တချို့သောတိုင်းရင်းသားလက်နက်ကိုင်အချို့မှာလည်း စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်နှင့်ပတ်သက်ပြီး ဆွေးနွေးနေကြဆဲဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သည့် အရပ်သားအစိုးရကိုဖြုတ်ချကာ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ယခုကဲ့သို့တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့်ဆွေးနွေးရန် ပြောဆိုလာခြင်းဖြစ်သည်။

ဗီဒီယိုများ