စစ်ဘေးရှောင်ကျောင်းသားများကို ပညာသင်ကြားပေးနေသည့် မဟာကရုဏာတော် ပညာရေးဖောင်ဒေးရှင်းတွင် အလှူရှင်များ လိုအပ်

စစ်ဘေးရှောင်ကျောင်းသားများကို ပညာသင်ကြားပေးနေသည့် တောင်ကုတ်မြို့မှ မဟာကရုဏာတော် ပညာရေးဖောင်ဒေးရှင်းတွင် စားသောက်ရေးနှင့် ကျောင်းသို့ သွားရေးလာရေး အခက်အခဲများရှိနေ၍ အလှူရှင်များလိုအပ်နေကြောင်း သိရသည်။

04 Jul 2021

DMG ၊ ဇူလိုင် ၅

စစ်ဘေးရှောင်ကျောင်းသားများကို ပညာသင်ကြားပေးနေသည့် တောင်ကုတ်မြို့မှ မဟာကရုဏာတော် ပညာရေးဖောင်ဒေးရှင်းတွင် စားသောက်ရေးနှင့် ကျောင်းသို့ သွားရေးလာရေး အခက်အခဲများရှိနေ၍ အလှူရှင်များလိုအပ်နေကြောင်း သိရသည်။

စားသောက်ရေးအတွက် တစ်ရက်ကို ငွေကျပ် တစ်သိန်းကုန်ကျပြီး ဖောင်ဒေးရှင်းအနေဖြင့် ရေရှည်မှာ အခက်အခဲရှိကြောင်း မဟာဂရုဏာတော် ပညာရေးဖောင်ဒေးရှင်း တည်ထောင်သူ ဒေါ်ခင်မာရီက ပြောသည်။  

“ ဒီကလေးတွေအတွက် တစ်ရက်ကို တစ်သိန်းနှုန်းနဲ့ စားစရိတ်ကုန်ကျတယ်ပေါ့နော်။ ဆိုတော့ ကျမတို့ရဲ့ ရန်ပုံငွေ အင်အားနည်းတော့ စိုးရိမ်တာပေါ့။ ရေရှည်အတွက် စိုးရိမ်းရတယ်။ ” ဟု ပြောသည်။

ကျောင်းသားကျောင်းသူများကို ချောင်းကောက်ရပ်ကွက်ရှိ ပညာလင်္ကာရ မင်းကျောင်းတိုက်တွင်ထားရှိပြီး ကံပိုင်ရပ်ကွက်ရှိ အ.ထ.က (၁) သို့ တစ်နာရီခန့် လမ်းလျှောက်သွားကာ ကျောင်းတက်ရ၍ သွားလာရေးအခက်အခဲရှိဟု သိရသည်။

ကလေးငယ်များ ကျောင်းတက်ရန် ကားငှားပေးသင့်သော်လည်း ဖောင်ဒေးရှင်းတွင် ဘတ်ဂျက်အလုံအလောက်မရှိ၍ မစီစဉ်ပေးနိုင်သေးကြောင်း မဟာဂရုဏာတော် ပညာရေးဖောင်ဒေးရှင်းမှ သိရသည်။

စစ်ဘေးရှောင်ကျောင်းသား စုစုပေါင်း ၄၀ ဦးရှိပြီး ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့မှ ဖြစ်ကြောင်း၊ ယင်းအထဲတွင် ဆယ်တန်းကျောင်းသားကျောင်းသူ ၃၅ ဦးနှင့် ကိုးတန်း ကျောင်းသားကျောင်းသူ ၅ ဦး ရှိသည်။

မဟာဂရုဏာတော် ပညာရေးဖောင်ဒေးရှင်းတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ၄၇ ဦးထိ သင်ကြားပေးနိုင်ခဲ့သော်လည်း ကိုဗစ်ကြောင့် ကျောင်းများ ပိတ်လိုက်သည့်အတွက် စာမေးပွဲ မဖြေဆိုနိုင်ခဲ့ကြပေ။

ဗီဒီယိုများ