မာန်အောင်တွင် ဧည့်စာရင်း စစ်ဆေးမှုပြုလုပ်နေ၊ ရိုးသားဖို့လိုဟုဆို

မာန်အောင်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အသစ်ပြန်လည် ပြဌာန်းထားသော ဧည့်စာရင်းဥပဒေအတိုင်း ယခု မတ်လ ၈ ရက်နေ့မှစတင်ကာ ဧည့်စာရင်းစစ်ဆေးမှုများ စတင်ပြုလုပ်နေသည်။

11 Mar 2021

DMG ၊ မတ် ၁၁

မာန်အောင်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အသစ်ပြန်လည် ပြဌာန်းထားသော ဧည့်စာရင်းဥပဒေအတိုင်း ယခု မတ်လ ၈ ရက်နေ့မှစတင်ကာ ဧည့်စာရင်းစစ်ဆေးမှုများ စတင်ပြုလုပ်နေသည်။

ဧည့်စာရင်းစစ်ဆေးမှုပြုလုပ်လာခြင်းကို ဒေသခံပြည်သူများ အချင်းချင်းကြားတွင် အမြင်သဘောထား အမျိုးမျိုးရှိနေကြသည်။

မာန်အောင်မြို့နယ် ဇရပ်ကုန်းခင်ကျေးရွာဒေသခံ ဦးအောင်မျိုးသန့်က “ ကျနော်တို့ကတော့ ဧည့်စာရင်း စစ်တာကို လုံခြုံမှုမရှိဘူးလို့ မထင်ဘူး။ ဒါပေမဲ့ လာစစ်တဲ့သူတွေက ပွင့်လင်းမြင်သာစွာ ပြောဆိုဖို့လိုတယ်။ ရိုးသားဖို့လိုတယ်။ ကျနော်တို့က ပြည်သူတွေဆိုတာကို သတိထားဖို့လိုတယ် ” ဟု သူက ပြောသည်။

ဧည့်စာရင်းစစ်ဆေးမှုပြုလုပ်ခြင်းမှာ ည ၉ နာရီကျော် နောက်ပိုင်းမှစ၍ မည်သည့်အချိန်တွင်မဆို ဝင်ရောက်စစ်ဆေးမှုပြုလုပ်နိုင်ခြင်းကြောင့် သူတို့မလိုလားအပ်သော နိုင်ငံရေးသမားနှင့် မီဒီယာသမားများကိုပါ အမျိုးမျိုးပုဒ်မတပ်ပြီး ဖမ်းဆီးလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် လုံခြုံမှုမရှိသလိုခံစားရသည်ဟု မာန်အောင်မြို့ ကျွန်းရွာကျေးရွာမှ ဦးအောင်မြင့်သူက DMG သို့ ပြောသည်။

“ အဓိကေတာ့ သူတို့မလိုလားတဲ့ လူတွေကို အမျိုးမျိုးပြပြီး အချိန်မရွေးဝင်ရောက်စစ်ဆေးကာ သူတို့ ဖမ်းဆီးနိုင်တယ်လို့ မြင်တယ်။ ကျနော်တို့ ပြည်သူတွေအတွက် မလုံခြုံဘူးပေါ့။ ” ဟု ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဧည့်စာရင်းဥပဒေကို အသက်သွင်းစစ်ဆေးနေခြင်းမှာ ပြည်သူများအား အချိန်မရွေးဖမ်းဆီးနိုင်ကြောင်း တံခါးလာခေါက်နေခြင်းဖြစ်သည်ဟု မာန်အောင်ဒေသခံ ဦးတင်မောင်ဌေး ကပြောသည်။

“ သူတို့နဲ့ သဟဇာတ မဖြစ်တဲ့ လူတွေကို အချိန်မရွေးဖမ်းနိုင်တယ်။ ပြည်သူတွေကိုလည်း ကြောက်အောင်ခြိမ်းခြောက်တဲ့ သဘောရှိတယ်။ ကျနော်တို့ မလုံခြုံဘူးပေါ့။ အခု မလုံခြုံဘူးဆိုလား မေးတော့ အခုမှမလုံခြုံတာတော့မဟုတ်ဘူး။ အရင်ကတည်းကပင် မလုံခြုံဘူး ဖြစ်နေတာ။ အခြေအနေအရဆိုရင် မာန်အောင်က အေးချမ်းတည်ငြိမ်တဲ့ အရပ်မှာပါတယ်။ ဧည့်စာရင်းဥပဒေအရဆိုတာ မလိုဘူး။ ” ဟု ဆိုသည်။

မာန်အောင်မြို့နယ် ဒေသခံများအနေဖြင့် မိမိနိုင်ငံအတွင်းဖြစ်ပျက်နေသော နိုင်ငံရေးအခြေအနေနှင့် ဥပဒေအပေါ် နားလည်သဘောပေါက်ပြီး ဧည့်စာရင်းလာရောက်တိုင်ကြားရန် လိုအပ်ကြောင်း မြို့သစ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်က DMG သို့ ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို NLD အနေဖြင့် အပြတ်အသတ်အနိုင်ရခဲ့သော်လည်း မဲမသာမာမှုရှိသည်ဟုဆိုကာ တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူပြီးနောက်ပိုင်း ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဧည့်စာရင်းဥပဒေအပါအဝင် NLD သက်တမ်းအတွင်း အတည်ပြုခဲ့သည့် အခြားသော ဥပဒေများကိုလည်း ပြောင်းလဲအတည်ပြုခဲ့သည်။

ဧည့်စာရင်းဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အာဏာရယူပြီး ၁၃ ရက်မြောက်နေ့တွင် ပြန်လည်အသက်သွင်း ပြဌာန်းခဲ့ခြင်းဖြစ်သည်။

ဧည့်စာရင်းဥပဒေတွင် ညအိပ်ညနေ ဧည့်သည်လာရောက်ခြင်းနှင့် ပြန်လည်ထွက်ခွာသွားခြင်းတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ခွင့်တောင်းရမည်ဖြစ်ကြောင်းပါရှိပြီး ဧည့်စာရင်းတိုင်ရန် ပျက်ကွက်ပါက ဒဏ်ငွေ တစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၇ ရက်ကို သက်ဆိုင်ရာတရားရုံးက ချမှတ်ရမည်ဟု ပါရှိသည်။

မာန်အောင်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အမျိုးသား ၂၄၉၅၇ ဦး၊ အမျိုးသမီး ၃၂၀၀၉ ဦး စုစုပေါင်းလူဦးရေ ၅၆၉၆၆ ဦးရှိပြီး ယင်းအထဲတွင် ချင်းလူမျိုး ၉၃၇ ဦး၊ ကမာရွတ် ၂ ဦး၊ ဗမာလူမျိုး ၂၃၆၊ ကရင် ၂၄ ဦး၊ သီလရှင် ၂၅ ဦးနှင့် မသန်စွမ်း ၅၄၅၃ ဦး ပါဝင်သည်။

ဗီဒီယိုများ