လျှိုပိတ်ဆည်တည်ဆောက်ရာတွင် မြေယာပါဝင်သွားသူများ လျော်ကြေးငွေရရှိရန် လိုလားနေ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ပြင်ကောက်အုပ်စု၌ အစိုးရက လျှိုပိတ်ဆည်တည်ဆောက်ပေးရာတွင် ပါဝင်သွားသည့် မြေယာများအတွက် လျော်ကြေးငွေမရရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။

By အောင်ကောင်းဇော် 01 Dec 2020

အောင်ကောင်းဇော် | DMG
ဒီဇင်ဘာ ၁ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ပြင်ကောက်အုပ်စု၌ အစိုးရက လျှိုပိတ်ဆည်တည်ဆောက်ပေးရာတွင် ပါဝင်သွားသည့် မြေယာများအတွက် လျော်ကြေးငွေမရရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ လျှိုပိတ်ဆည်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနမှ တာဝန်ယူ ဆောက်လုပ်ခဲ့ရာ ဒေသခံများပိုင်ဆိုင်သည့် လယ်ယာမြေအပါအဝင် မြေ ၁၇ ဒသမ ၅ ဧက ပါဝင်သွားခဲ့ကြောင်း သိရသည်။

လျှိုပိတ်ဆည်တည်ဆောက်ရာတွင် မြေယာပါဝင်သွားသည့် ဦးတင်မောင်ထွေးက “ပါဝင်သွားတဲ့ မြေရှင် တွေက ၉ ယောက်ရှိတယ်။ ဒါပေမဲ့ သူတို့လျော်ကြေးငွေကိစ္စနဲ့ ခေါ်ယူပြောဆိုတဲ့အခါ သုံးယောက်ပဲ ခေါ်ယူတယ်။ ဒါပေမဲ့ ခေါ်‌တွေ့တဲ့သူတွေကိုလည်း လျော်ကြေးမပေးသေးဘူး။ လျော်ကြေးကို မြန်မြန်လေး ပေးစေချင်တယ်” ဟု ပြောသည်။

လျှိုပိတ်ဆည်တည်ဆောက်ခြင်းကြောင့် ပျက်စီးသွားသောမြေယာများကို အစိုးရမှ လျှော်ကြေးငွေပေးမည်ဟု မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်နုအောင်က ပြောဆိုထားကြောင်း ဒေသခံများက ဆိုသည်။

“လျော်ကြေးကတော့ပေးမယ်ဆိုပြီး မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်နုအောင် ကတော့ပြောတယ်။ ကျနော်မှာက ဆေးရွက်ကြီးစိုက်မြေတွေ၊ ကျွန်းပင်စိုက်ထားတဲ့မြေတွေပါသွားတယ်။ ဘယ်လောက်ပေးမယ်ဆိုတာလဲမသိဘူး။ ဒေသပေါက်ဈေးနဲ့ တန်ဖိုးငွေကိုတော့ မြန်မြန်လေးပေးစေချင်တယ်”ဟု ဒေသခံ ဦးလုံးခိုင်က ဆိုသည်။

ထိုသို့ မြေယာလျော်ကြေးပေးဆောင်မည့်ကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်တွင်တင်ပြထား‌ကြောင်း မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်နုအောင်က ရှင်းပြသည်။

“လျော်ကြေးကိစ္စကိုလည်း တင်ပြထားပြီးပြီ၊ ဒေသခံတွေအနေနဲ့ အခုရေတွင်းတူး အခုရေကြည်သောက်ချင်လို့ မရပါဘူး။ အစိုးရနဲ့လုပ်တဲ့အလုပ်ဆိုတော့ နည်းနည်းတော့ ကြာမှာပေါ့။ ဒီ၂၀၂၀  ထဲမှာ ပေးမှာပါ” ဟု ၎င်းကဆက်၍ ပြောသည်။

ယင်းလျှိုပိတ်ဆည်မှာ အလျှားမှာ ၃၄၅ ပေ ရှည်လျားပြီး အမြင့် ၄၀ ပေရှိကာ ထိပ်ဝအကျယ် ၂၀ ပေ ရှိ‌ကြောင်းနှင့် ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၁၂၀ ဖြင့် တည်ဆောက်နေကြောင်း သိရသည်။

မာန်အောင်မြို့နယ်အတွင်းတွင် ကြက်တောင်လျှိုပိတ်ဆည်၊ ကံလက်လျှိုပိတ်ဆည်၊ ဒိုးဒန်းလျှိုပိတ်ဆည်နှင့် ပြင်ကောက်လျှိုပိတ်ဆည် စသည့် လျှိုပိတ်ဆည်လေးခုရှိသည်။

ရခိုင်ပြည်နယ်တွင် နွေရာသီအတွင်း ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေကြရသည့်ဒေသများ၌ ရေရရှိနိုင်စေရန် လျှိုပိတ်ဆည်များကို တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် လျှိုပိတ်ဆည်များကို ပုဏ္ဏားကျွန်းတွင် ၁ ခု၊ ပေါက်တောတွင် ၁ ခု၊ ရသေ့တောင်တွင် ၁ ခု၊ ရမ်းဗြဲတွင် ၂ ခု၊ အမ်းမြို့နယ်တွင် ၂ ခု၊ ဂွမြို့နယ်တွင် ၁ ခု၊ ဘူးသီးတောင်မြို့နယ်တွင် ၂ ခုနှင့် မောင်တောမြို့နယ်တွင် ၁ ခု စုစုပေါင်းလျှိုပိတ်ဆည်သစ် ၁၁ ခုကို တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ