မာန်အောင်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို ၂၀၂၀ အစောပိုင်းတွင်စဖွင့်မည်

ရခိုင်ပြည်နယ်၊ မာန်အောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မာန်အောင်အများပိုင်ကုမ္ပဏီက ဆောင်ရွက်နေသည့် Master Plan (၁၀) ခုထဲမှ တစ်ခုဖြစ်သည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို လာမည့် ၂၀၂၀ ခုနှစ် အစောပိုင်းကာလတွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

By အောင်ကောင်းဇော် 21 Nov 2019

ဟိုတယ်ဇုံကို မာန်အောင်မြို့နယ်၊ ကအီးအုပ်စု၊ ကအီးကျေးရွာကမ်းခြေအနီးတွင် တည်ဆောက်လျက်ရှိသည်။ (ဓာတ်ပုံ - အောင်ကောင်းဇော်)

အောင်ကောင်းဇော် | DMG
နိုဝင်ဘာ ၂၁ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို လာမည့် ၂၀၂၀ ခုနှစ် အစောပိုင်းကာလတွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည် မာန်အောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မာန်အောင်အများပိုင်ကုမ္ပဏီက ဆောင်ရွက်နေသည့် Master Plan (၁၀) ခုထဲမှ တစ်ခုလည်း ဖြစ်သည်။

ဟိုတယ်ဇုံကို မာန်အောင်မြို့နယ်၊ ကအီးအုပ်စု၊ ကအီးကျေးရွာကမ်းခြေအနီးတွင် တည်ဆောက်လျက်ရှိရာ ဟိုတယ်များကို ၂၀၂၀ အစောပိုင်းတွင် ဖွင့်လှစ်သွားမည်ဟု မာန်အောင်အများပိုင်ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးထွန်းလှိုင်က ပြောသည်။

“ကျနော်တို့ Master plan ၁၀ ခုထဲက တစ်ခုဖြစ်တဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းအတွက် စတင်အကောင်အထည်ဖော်နေပါပြီ။ ဟိုတယ်ကတော့ ၁၂ လုံးဆောက်နေပါတယ်။ ၂၀၂၀ အစောပိုင်းလောက်မှာ ဖွင့်လှစ်သွားဖို့လုပ်နေပါတယ်” ဟု ၎င်းကဆိုသည်။

သို့သော် မာန်အောင်မြို့နယ်တွင် ရေ၊ မီး၊ လမ်း စသည့် အခက်အခဲများကြောင့် လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်မပြေမှုများ ရှိနေကြောင်းလည်း ဦးထွန်းလှိုင်က ပြောသည်။

မာန်အောင်ဒေသတွင် မာန်အောင်အများပိုင်ကုမ္ပဏီ(MPC) က အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် Master Plan (၁၀)ခုထဲတွင် လေဆိပ်အဆင့်မြှင့်တင်ရေး၊ ဆိပ်ကမ်းအဆင့်မြှင့်တင်ရေး၊ လမ်းတံတားအဆင့်မြှင့်တင်ရေး၊ လျှပ်စစ်စွမ်းအင်ရရှိရေး ၊ သောက်သုံးရေရရှိရေး၊ ရေဆိုးသန့်စင်စနစ်ဆောင်ရွက်ရေး၊ အမှိုက်စီမံခန့်ခွဲရေး၊ မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာစီမံကိန်းနှင့်အညီ ဖွံ့ဖြိုးရေးဆိုင်ရာဇုန်များ အကောင်အထည်ဖော်ရေး၊ မွေးမြူရေး၊ ပန်ဝန်းကျင်နှင့်ကိုက်ညီသည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေးတို့ ပါဝင်သည်။

မာန်အောင်ဒေသတွင် ရေ၊ မီး၊ လမ်း အဆင်မပြေမှုများရှိနေပြီး  နိုဝင်ဘာလ ၁၄ ရက်နေ့က စတင်ကာ ၂၄ နာရီလျှပ်စစ်မီးကို ဆိုလာစနစ်ဖြင့် စမ်းသပ်ပေးလျက်ရှိသည်။ (ဓာတ်ပုံ - Google)

ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာသည်နှင့်အမျှ ဒေသတွင်းလူမှုအဖွဲ့အစည်းများ အားကောင်းလာရန်လိုအပ်ပြီး ဒေသတွင်းလူငယ်များကိုလည်း ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် အရာများကို အစိုးရအနေဖြင့် ပညာတော်သင်လွှတ်ပေးရန်လိုကြောင်း နိုင်ငံတကာငြိမ်းချမ်းရေးလူငယ်အဖွဲ့ မြန်မာတာဝန်ခံ ဦးအောင်မြင့်သူက တိုက်တွန်းပြောဆိုသည်။

“အရပ်ဖက်အဖွဲ့အစည်းတွေ အားကောင်းလာဖို့လိုတယ်။ ပြီးတော့ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်တဲ့ ကိစ္စတွေကို အစိုးရအနေနဲ့ ပညာတော်သင်လွှတ်တာမျိုး လုပ်ပေးဖို့လိုလာတယ်။ ဘာလို့လဲဆိုတော့ ဒေသမှာက ခရီးသွားလုပ်ငန်းနဲ့ တစ်သက်လုံးသွားမှာဆိုတော့ ရိုးရာတွေကိုထိန်းသိမ်းတဲ့ သင်တန်းတွေ ဒါတွေလုပ်ပေးဖို့ လိုတယ်” ဟု ၎င်းကပြောသည်။

မာန်အောင်ဒေသအတွင်းတွင် ယခင်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများမရှိခဲ့ဘဲ ယခုအခါမှ စတင်လုပ်ဆောင်လာခြင်းဖြစ်သဖြင့် ၎င်းလုပ်ငန်းများတွင် ဒေသတွင်းပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေအောင် အစိုးရအနေဖြင့် ပံ့ပိုးကူညီပေးရန် ဒေသခံများက လိုလားနေကြသည်။

ဗီဒီယိုများ