AA နှင့်ဆက်စပ်ပြီး မန္တလေးတွင်အမှုရင်ဆိုင်နေရသူတို့ကို ရခိုင်မှမိသားစုဝင်များ သွားတွေ့ရန် အခက်အခဲရှိနေ

AA နှင့်ဆက်စပ်ပြီး မန္တလေးခရိုင်တရားရုံးတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေများဖြင့် တရားရင်ဆိုင်နေရသူ ၆ ဦးကို ရခိုင်ပြည်နယ်၌ ရှိနေသည့် မိသားစုများ သွားရောက်တွေ့ဆုံရန် အခက်အခဲဖြစ်နေကြသည်။

By ခိုင်ရိုးလ 01 Dec 2019

ခိုင်ရိုးလ | DMG
ဒီဇင်ဘာ ၁ ၊ စစ်တွေ

AA နှင့်ဆက်စပ်ပြီး မန္တလေးခရိုင်တရားရုံးတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေများဖြင့် တရားရင်ဆိုင်နေရသူ ၆ ဦးကို ရခိုင်ပြည်နယ်၌ ရှိနေသည့် မိသားစုများ သွားရောက်တွေ့ဆုံရန် အခက်အခဲဖြစ်နေကြသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅)ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် အမျိုးသား ၄ ဦးကို ဂြိုလ်တုဖုန်းများ၊ မှန်ပြောင်းများ၊ GPS၊ ယမ်းထုပ်တို့အပြင် ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသောပစ္စည်းများနှင့်အတူ စက်တင်ဘာလ (၁၀)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းသို့ဖမ်းဆီးခံရသူများမှာ ဦးအောင်လင်းထက်၊ ဦးချမ်းငြိမ်း၊ ဦးမြတ်ခိုင်နှင့် ဦးဝင်းသိန်းတို့ဖြစ်ကြပြီး ၎င်းတို့နှင့်ဆက်စပ်ကာ ကျောက်အရောင်းအဝယ်လုပ်ကိုင်သူ ဦးမိုးကျော်နှင့် ကားဂိတ်မှ ဂိတ်မှူး ဦးကျော်ကျော်ဖြိုးတို့ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

၎င်းတို့ ၆ ဦးထဲမှ ရခိုင်ပြည်နယ်တွင် မိသားစုဝင်ရှိနေသူများမှာ ၎င်းတို့ကို သွားရောက်တွေ့ဆုံလိုသော်လည်း အခက်အခဲများရှိသဖြင့် အသွားရောက်နိုင်ကြောင်း မင်းပြားမြို့နယ်တွင် နေထိုင်သူ ဦးကျော်သောင်းက ပြောသည်။

“ကျနော့်သားက မန္တလေးဘက်မှာ ကားမောင်းနေတယ်လို့ သိရတယ်။ သူက ရွာကထွက်သွားတာ ၂ နှစ်လောက်ရှိပြီ။ သူဘာဖြစ်နေလဲဆိုတာကိုလည်း ဘာမှမသိပါဘူး။ မိုင်းပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းကြားတယ်။ လက်ရှိမှာ ကျနော်တို့လည်း သွားမတွေ့ရဲ။ မိဘကိုပါ ဖမ်းမှာစိုးတယ်” ဟု ဖမ်းဆီးခံထားရသူ ကိုငြိမ်းချမ်း၏ဖခင် ဦးကျော်သောင်းက ဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် ပါဝင်သည့် မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်မှ ကိုမြတ်ခိုင်၏ မိသားစုကလည်း ၎င်းအား သွားရောက်တွေ့ဆုံရန် သွားလာရေးအခက်အခဲရှိကြောင်း ပြောသည်။

“သူက ရွာကထွက်သွားတာ ၅ နှစ်ကျော်လောက်ရှိပြီ။ သူနဲ့ အဆက်သွယ်မရသေးပါ။ မန္တလေးမှာ ရှိတယ်လို့တော့သိရတယ်။ ကျနော်တို့ဘက်ကလည်း သွားရေးလာရေးအခက်ခဲတွေရှိနေလို့ပါ။ သွားမတွေ့ရသေးဘူး” ဟု ကိုမြတ်ခိုင်၏ ဆွေမျိုးတစ်ဦးကပြောသည်။

ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၆ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဂ)၊ ၅၂(က)တို့ဖြင့် အမှတ် (၁၁)ရဲစခန်းမှူး ဒုရဲမှူးဇော်နိုင်က တရားလိုလုပ်ကာ မန္တလေးခရိုင်တရားရုံးတွင် တရားစွဲဆိုထားပြီး နိုဝင်ဘာလ ၁၄ ရက်နေ့က ရုံးထုတ်တွင် တရားလိုကို စတင်စစ်ဆေးခဲ့သည်။

ဖမ်းဆီးထားသူများထဲတွင် AA မှ ဒုအရာခံဗိုလ် အောင်လင်းထက် ၊ ဒုတပ်ကြပ် ချမ်းငြိမ်း၊ ဒုတပ်ကြပ် မြတ်ခိုင် ဆိုသူတို့ ပါဝင်ကြောင်းလည်း ဆိုသည်။

ရက္ခိုင့်တပ်တော်(AA)မှ တပ်ဖွဲ့ဝင်များပါဝင်သည်ဆိုသည့်အပေါ် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “အခုကတော့ ဗမာအစိုးရနဲ့ဗမာစစ်တပ်က ကျနော်တို့ရခိုင်လူငယ်တွေကို ရခိုင်ပြည်ထဲမှာတင်မကဘူး မြန်မာပြည်အနှံ့၊ နောက်နိုင်ငံတကာရောက် ရခိုင်လူငယ်တွေကအစ သူတို့ကလိုက်ပြီးတော့ နှိပ်ကွပ်နေတာ။ တစ်ခုမဟုတ် တစ်ခု ပုဒ်မမျိုးစုံတပ်ပြီးတော့မှ ရခိုင်လူငယ်တွေကို နှိပ်ကွပ်နေတာဖြစ်တယ်။ ဒါဟာ လူမျိုးရေး အရနှိပ်ကွပ် နေတာလို့ပဲ ကျနော်တို့ဘက်ကခံယူတယ်။ ဒီလိုကိစ္စမျိုးကို ကျနော်တို့ဘက်တော့ ခေါင်းငုံ့ခံ နေမှာတော့ မဟုတ်ဘူး။ လိုအပ်သလိုတုန့်ပြန်သွားမှာဖြစ်တယ် ”ဟု ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က ရုံးချိန်းတွင် တရားရင်ဆိုင်နေရသူ ၆ ဦးထဲမှ ဦးအောင်လင်းထက် ၊ ဦးချမ်းငြိမ်း ၊ ဦးမြတ်ခိုင်တို့မှာ ရှေ့နေလိုက်ပါဆောင်ရွက်ပေးခဲ့သူမရှိခဲ့ပဲ ဦးမိုးကျော် ၊ ဦးဝင်းသိန်းနှင့် ဦးကျော်ကျော်ဖြိုး တို့တွင်သာ ရှေ့နေခေါ်ယူခဲ့ကြောင်း သိရသည်။

“အခု အဖမ်းခံထားရသူတွေရဲ့ မိသားစုတွေနဲ့ဆက်သွယ်လို့ရရင် ရှေ့နေနဲ့အမှုကိုရင်ဆိုင်မယ်။ ကျနော်ကတော့ ရှေ့နေနဲ့လိုက်ချင်တယ်” ဟု ကိုငြိမ်းချမ်း၏ ဖခင်ဦးကျော်သောင်းက ပြောသည်။

၎င်းတို့ ၆ ဦးကိုစွဲဆိုထားသည့်အမှုတွင် ဆက်စပ်တရားခံ ၃ ဦးကို ဖမ်းဆီးရမိခြင်းမရှိသေးသဖြင့် တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်းသိရသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံရမှုများမှာ တစ်နေ့ထက်တစ်နေ့ များပြားလာပြီး ရခိုင်ပြည်နယ်အတွင်းတွင် AA နှင့်ဆက်စပ်ပြီး တရားစွဲဆိုခံထားရသူ ၅၀၀ ကျော်အထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ