ရခိုင်တွင် ကိုယ်ထူကိုယ်ထ ဒီရေပင်များစိုက်ပျိုးရာတွင် ငွေကြေးအခက်ခဲရှိနေ၍ တိုးချဲ့မစိုက်ပျိုးနိုင်သေး

ရခိုင်ပြည်နယ်တွင် ဒီရေပင်များအား ကိုယ်ထူကိုယ်ထ စိုက်ပျိုးရာတွင် ငွေကြေး အခက်ခဲများရှိနေသောကြောင့် တိုးချဲ့မစိုက်ပျိုးနိုင်‌ဖြစ်နေကြောင်း ဒီရေပင်စိုက်ပျိုးနေသူများထံမှ သိရသည်။

By ဉာဏ်ဟိန်း 18 Dec 2020

ပုံစာ - ဒီရေသစ်ပင်များ စိုက်ပျိုးရာတွင် ပါဝင်ကူညီပေးနေကြသော ကလေးငယ်များအား တွေ့ရစဉ်။(ဓာတ်ပုံ - ကိုမျိုးလွင်-အမ်း)

ဉာဏ်ဟိန်း | DMG
ဒီဇင်ဘာ ၁၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ဒီရေပင်များအား ကိုယ်ထူကိုယ်ထ စိုက်ပျိုးရာတွင် ငွေကြေး အခက်ခဲများရှိနေသောကြောင့် တိုးချဲ့မစိုက်ပျိုးနိုင်‌ဖြစ်နေကြောင်း ဒီရေပင်စိုက်ပျိုးနေသူများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ် မြို့နယ်တို့အတွင်း ဧကပေါင်း (၂) ထောင်ကျော်တွင် ဒီရေပင် (၂) သိန်းကျော်အထိသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း အမ်းမြို့နယ်ဒီရေသစ်ပင်များ ထိန်းသိမ်းရေးအဖွဲ့မှ ကိုမျိုးလွင်က DMG သို့ ပြောသည်။

“လက်ရှိမှာတော့ ကျ‌နော်တို့ (၃) မြို့နယ်မှာ နှစ်ထောင်ဧကလောက်ပဲ စိုက်ပျိုးနိုင်သေးတယ်။ အစကတော့ ကျတော်တို့က ရေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့တဲ့ နေရာတွေ စိုက်ဖို့လုပ်ထားတာ။ ဒါပေမယ့် ကိုယ်ထူ၊ ကိုယ်ထလုပ်နေရတော့ ငွေရေး၊ ကြေးရေပိုင်းတွေ အခက်ခဲရှိတဲ့အတွက် မစိုက်ပျိုးနိုင်သေးဘူး”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မြေပုံနှင့် ပေါက်တောမြို့နယ်တို့တွင် ဒီရေပင်များ စိုက်ပျိုးရန်လျာထားသော်လည်း ပေါက်တောနှင့် မြေပုံမြို့နယ်များတို့တွင် ထိုသို့ ငွေရေး၊ ကြေးရေး အခက်ခဲကြောင့် စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“တဖက်မှာလည်း စစ်ပွဲတွေရှိတယ်။ အခုက ရောဂါတွေဖြစ်နေတော့ နယ်ကျော်သွား ရတဲ့အချိန်မှာ အခက်ခဲတွေရှိတယ်။ ဥပမာ- ဒီရေပင်(၁)သိန်း စိုက်ပျိုးမယ့်နေရာမှာ ငွေရေးကြေးရေးက မပြည့်စုံတော့ (၅) သောင်း စိုက်လိုက်ရတဲ့ နေရာတွေလည်းရှိတယ်။ ဒီရေပင်စိုက်ပျိုးမယ့် အထောက်အကူရရင်တော့ ဒေသခံတွေအတွက် အများကြီးအကျိုးရှိနိုင်ပါတယ်”ဟု ကိုမျိုးလွင်က ရှင်းပြသည်။

စိုက်ပျိုးသည့်အပင်များမှာ လင်းပိုက်ပင်နှင့် သစ်တလုံးပင်များကို အဓိကထားပြီး စိုက်ပျိုးနေကြောင်း သိရသည်။ ဒီရေတောများကို တစ်နိုင်ငံလုံးတွင် ငါးနှစ်တစ်ကြိမ် စာရင်းကောက်ယူလျှက်ရှိရာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သည့်စာရင်းအရ ရခိုင်ပြည်နယ်တွင် ဒီရေတောဧက စုစုပေါင်း ၃၉၅,၇၂၆ ဧက ရှိကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးလှိုင်ထံမှ သိရသည်။

ယင်းအထဲတွင် မောင်တောခရိုင်၌ ၅၃၂၀ ဧက၊ စစ်တွေခရိုင်တွင် ၇၄၆၀ ဧက၊ မြောက်ဦးခရိုင်တွင် ၁၄၈၂၆၈ ဧက၊ ကျောက်ဖြူခရိုင်တွင် ၈၃၆၆၀ ဧကနှင့် သံတွဲခရိုင်တွင် ၈၃၈၇၆ ဧကရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းဒေသများရှိ ဒီရေတောများ ပြန်လည်ထိန်း သိမ်းရေးအတွက် ဒိန်းမတ်နိုင်ငံက အမေရိကန်ဒေါ်လာခုနှစ်သိန်းကျော် ထပ်မံထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ သိရသည်။

အဆိုပါ ပံ့ပိုးမည့်အစီအစဉ်ကို ကမ်းရိုးတန်းဒေသလူထု ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေရှိစေရေး အစီအစဉ်ဆိုင်ရာ ဦးဆောင်ကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး မစ္စတာဂျွန်နေလ်ဆင်က နိုဝင်ဘာလ ၃၀ ရက်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအနေအထားတွင် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး ပုဇွန်မွေးမြူရေး၊ ငါးမွေးမြူရေးကန်များ၊ ဆည်လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိသဖြင့် ရေနေသတ္တဝါများ မှီခိုကျက်စားပေါက်ဖွားရာနေရာတို့ ပျက်စီးဆုံးရှုံးမှု များပြားလာနေကြောင်း ဒီရေတောထိန်းသိမ်းရေး ဆောင်ရွက်နေသူများက ဆိုကြသည်။

ဗီဒီယိုများ