ရခိုင်နှင့် တနင်္သာရီရှိ ဒီရေတောများထိန်းသိမ်းရေးအတွက် ဒိန်းမတ်နိုင်ငံက ဒေါ်လာခုနစ်သိန်းကျော် ထပ်မံထောက်ပံ့မည်

ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းဒေသများရှိ ဒီရေတောများ ပြန်လည်ထိမ်းသိန်းရေးအတွက် ဒိန်းမတ်နိုင်ငံက အမေရိကန်ဒေါ်လာခုနှစ်သိန်းကျော် ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ သိရသည်။

By သက်ပိုင် 01 Dec 2020

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒီရေတောစိုက်ခင်းများ စိုက်ပျိုးရာတွင် ပါဝင်ကူညီပေးနေသည့် ကလေးငယ်များအား တွေ့ရစဉ်။(ဓာတ်ပုံ - ကိုမျိုးလွင်-အမ်း)

သက်ပိုင် | DMG
ဒီဇင်ဘာ ၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းဒေသများရှိ ဒီရေတောများ ပြန်လည်ထိမ်းသိန်းရေးအတွက် ဒိန်းမတ်နိုင်ငံက အမေရိကန်ဒေါ်လာခုနှစ်သိန်းကျော် ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ သိရသည်။

အဆိုပါ ပံ့ပိုးမည့်အစီအစဉ်ကို ကမ်းရိုးတန်းဒေသလူထု ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ ရှိစေရေးအစီအစဉ်ဆိုင်ရာ ဦးဆောင်ကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး မစ္စတာဂျွန်နေလ်ဆင်က နိုဝင်ဘာလ ၃၀ ရက်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် မြိတ်ခရိုင်ရှိ ဒီရေတောများ ပြန်လည်ထိန်းသိမ်းရေးအတွက် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံကိန်းချမှတ်ကာ ဆောင်ရွက်နေပြီး ယင်းစီမံကိန်းအတွက် ဒိန်းမတ်နိုင်ငံ၏ ကန်ဒေါ်လာ ၅ ဒဿမ ၅ သန်း ပံ့ပိုးထားပြီးဖြစ်ကြောင်း ရေဝေရေလဲအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာတိုးတိုးအောင်က ရှင်းပြသည်။

“ရခိုင်ပြည်နယ်မှာဆိုရင် စစ်တွေခရိုင်နဲ့ ကျောက်ဖြူခရိုင်တွေမှာ အဓိကထားပြီးလုပ်သွားမှာပါ။ တနင်္သာရီတိုင်း အတွက်လဲပါတာပေါ့နော်။ ဒီအတွက်ကို သစ်တောဦးစီးဌာနအနေနဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆိုသည်။

ဒီရေတောများ ပြန်လည်ထိန်းသိမ်းရေးစီမံကိန်းတွင် ဒီရေတောများ ပြန်လည်စိုက်ပျိုးခြင်း၊ ဒေသခံပြည်သူ အစု အဖွဲ့ပိုင် သစ်တောများတည်ထောင်ခြင်း၊ ဒီရေတောကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းခြင်း၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားမြှင့်တင်ခြင်းများပါဝင်ကြောင်း ကျောက်ဖြူခရိုင်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်လှိုင်ဝင်းက ဆိုသည်။

“ဒီစီမံကိန်းကြီးတစ်ခုလုံးပြီးသွားရင် လက်ငင်းအကျိုးကျေးဇူးအနေနဲ့ ဒီရေတောစိုက်ခင်းဧကတွေ တိုးလာမယ်။ ဒေသခံတွေရဲ့ အစုဖွဲ့ပိုင်သစ်တောတွေများလာမယ်။ ကျေးရွာတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီးသား ဖြစ်သွားမယ်။ နောက်ပြီး သူတို့ရဲ့လူမှုစီးပွားဘဝတွေဟာလည်း အရင်ကထက် အဆင်ပြေလာမှာပါ”ဟု သူက ပြောသည်။

ထို့အပြင် ရေရှည်အကျိုးကျေးဇူးအနေဖြင့် တိုးပွားလာသော ဒီရေတောများမှ ဒေသခံများ၏ ထင်းလောင်စာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သကဲ့သို့ သားငါးပုဇွန်များ ပေါက်ဖွားရာဒေသဖြစ်သည့် ဒီရေတောများ တိုးပွားလာသည့်အတွက် သားငါးပုဇွန်ဖမ်းဆီးရရှိမှု တိုးပွားလာစေနိုင်မည်ဖြစ်သည်။

ပုဇွန်ကန်များ တိုးချဲ့တည်ဆောက်လာကြခြင်း၊ ထင်းနှင့်မီးသွေးအတွက် ဒီရေတောများကို အလွန်အကျွံခုတ်ခြင်းတို့မှာ ရခိုင်ပြည်နယ်ရှိ ဒီရေတောများပြုန်းတီးရခြင်း၏ အဓိကအချက်များဖြစ်ကြောင်း စစ်တွေမြို့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်သည့် စိမ်းပြာအဖွဲ့က ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် မီးသွေးတစ်အိတ်လျှင် ငွေကျပ် ၂၅၀၀ မှ ၄၅၀၀ ထိ ပေါက်ဈေးရှိနေကြောင်း သုံးစွဲ သူများထံမှ သိရသည်။

ဒီရေတောများသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ကမ်းရိုးတန်းဒေသတစ်လျှောက် ၅၀၂,၉၁၁ ဟက်တာရှိပြီး ရခိုင်ကမ်းရိုးတန်းဒေသတွင် ၁၇ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းတွင် ၄၆ ရာခိုင်နှုန်းနှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် ၃၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဗီဒီယိုများ