သာသနာတော်၏ အမြင့်ဆုံးဘွဲ့တံဆိပ်ကို ရရှိခဲ့သည့် မဏိရတနာဆရာတော် လေပြန်ရောဂါဖြင့် ပျံလွန်တော်မူ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်ရှိ မဏိရာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကြီး ဘဒ္ဒန္တသောမ မထေရ်မြတ်ကြီးမှာ ဇူလိုင်လ ၃၀ ရက် နေ့လည်ပိုင်းက လူကြီးရောဂါဖြစ်သည့် လေပြန်ရောဂါဖြင့် ပျံလွန်တော်မူသွားကြောင်း သိရသည်။

31 Jul 2021

DMG ၊ ဇူလိုင် ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်ရှိ မဏိရာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကြီး ဘဒ္ဒန္တသောမ မထေရ်မြတ်ကြီးမှာ ဇူလိုင်လ ၃၀ ရက် နေ့လည်ပိုင်းက လူကြီးရောဂါဖြစ်သည့် လေပြန်ရောဂါဖြင့် ပျံလွန်တော်မူသွားကြောင်း သိရသည်။

“လူကြီးရောဂါဖြစ်တဲ့ လေပြန်ရောဂါနဲ့ ပျံတော်မူသွားတာပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းပင် လေဖြတ်ခဲ့တာရှိတယ်။ အဲဒါကျရင်ကောင်းသွားပြီ။ အခုကလေပြန်ရောဂါနဲ့ ပျံလွန်တော်မူသွားတာဖြစ်တယ်”ဟု ဆရာတော်ကြီး၏ တပည့်ဖြစ်သူ ကိုယ်တော် ဦးဉာဏက DMG ကို မိန့်ကြားသည်။

ဆရာတော်ကြီးမှာ ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့က Covid-19 ရောဂါဖြစ်ပွားသည့်အတွက် စစ်တွေဆေးရုံတွင် ဆေးကုသမှုခံ ယူခဲ့ကာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဇူလိုင် ၂၂ ရက်နေ့က ဆေးရုံမှဆင်းခဲ့သည်။

ယင်းနောက် မဏိရတနာကျောင်းတိုက်တွင် သီတင်းသုံးနေစဉ် ယခုလို လေပြန်ရောဂါဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်ကြီးမှာ ပျံလွန်တော်မူချိန်တွင် သက်တော် (၈၂)နှစ်နှင့် သိက္ခာတော် (၆၂)ဝါရှိနေပြီးဖြစ်သည်ဟုလည်း သိရသည်။

“ဆရာတော်ဘုရားကြီရဲ့ ဂုဏ်တွေနဲ့ထပ်တူကျအောင် တကာ၊တကာမတွေကိုယ်တိုင်ကလည်း ခမ်းခမ်းနားနားနဲ့ ပူဇော်ချင်တယ်။ ဒါပေမယ့်လည်း ကာလဒေသရဲ့အခြေအနေတွေကြောင့် လောလောဆယ်မှာတော့ အခုလာမဲ့ ၃ ရက်နေ့ ကလပ်တင်မယ်” ဟု ဦးဉာဏကမိန့်သည်။

ဆရာတော်ကြီးသည် သာသနဓဇ သိရီပဝရ ဓမ္မာစရိယဘွဲ့ကို မြန်မာတစ်နိုင်ငံလုံးတွင် ပထမအဆင့်ဖြင့် အောင်မြင်ခဲ့သူဖြစ်ပြီး ရခိုင်ပြည်နယ်၏ သာသနာတော်ထွန်းကားစေရန်အတွက် မဏိရတနာစာသင်တိုက်၌ နှစ်ပေါင်း ၅၀ ကျော် စာပေပို့ချခြင်းများ ရှိခဲ့သည်။

ထိုသို့ ဆရာတော်ကြီး၏ နိုင်ငံအကျိုး၊ သာသနာအကျိုး၊ အမျိုးဘာသာသာသနာကို သယ်ပိုးဆောင်ရွက်နိုင်သည့်အတွက် ရခိုင်ပြည်နယ်တွင် သုံးပါးမြောက်အဖြစ် နိုင်ငံတော်အစိုးရက ပေးအပ် သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို ချီးမြှင့်ခံခဲ့ရသည်။

ဗီဒီယိုများ