စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် စစ်တွေပြည်သူ့ဆေးရုံသို့ အပို့ခံရသည့် ရသေ့တောင်က ကလေးငယ် အသက်အန္တရာယ်မစိုးရိမ်ရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပဲသဒူကျေးရွာတွင် (မတ်လ ၄ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင်) စစ်ကျန် လက်နက်တစ်လုံးပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

05 Mar 2021

DMG ၊ မတ် ၅

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပဲသဒူကျေးရွာတွင် (မတ်လ ၄ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင်) စစ်ကျန် လက်နက်တစ်လုံးပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယင်းသို့ ပေါက်ကွဲမှုကြောင့် မောင်ရဲထွန်း (၈) နှစ်မှာ ရင်ဘက်၊ ဦးခေါင်း၊ ခြေလက်တို့တွင် ဒဏ်ရာရရှိသွားပြီး  ၎င်း၏ အစ်ကိုဖြစ်သူ မောင်လှထွန်း (၁၀)နှစ်မှာ ရင်ဘက်၌ လက်နက်ကျည်စထိမှန်သွားခဲ့သည်။

၎င်းတို့ညီအစ်ကိုနှစ်ဦးမှာ ရသေ့တောင်မြို့နယ်၊ ဗောထီးကိုင်းကျေးရွာဇာတိဖြစ်ပြီး မိသားစုဝင်များနှင့်အတူ ပဲသဒူကျေးရွာ၌ စစ်ဘေးရှောင်နေကြခြင်းဖြစ်သည်။

ယမန်နေ့ နံနက်ပိုင်းက ပဲသဒူကျေးရွာနှင့်တစ်မိုင်ခန့်ဝေးသည့်နေရာတွင် လက်ပံပွင့်ကောက်နေစဉ် စစ်ကျန်ဗုံး သီးတစ်လုံးကောက်ရသဖြင့် ကိုင်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး ယင်းသို့ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဦးလေး ဖြစ်သူ ကိုမောင်ဝင်းယဉ်က ပြောသည်။

“ပေါက်သံတစ်ခုကြားလိုက်တော့။ သူတို့အမေက (ဒဏ်ရာရကလေးတွေ) ကျွန်တော်ကိုသွားကြည့်ခိုင်းတယ်။ ကျွန်တော်သွားတော့ အစ်ကိုဖြစ်သူကို ညီကိုကျောပိုးပြီးထမ်းလာတာကိုတွေ့လိုက်ရတယ်။ ကျွန်တော်မေး ကြည့်တော့ အသီးတစ်လုံးကွဲပြီး ဖြစ်သွားတာလို့သိလိုက်ရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူထဲမှ မောင်ရဲထွန်းမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရသည့်အတွက် ရသေ့တောင်ဆေးရုံမှ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရပြီး မောင်လှထွန်းမှာ ရသေ့တောင် ဆေးရုံ၌ ဆေးကုသခံ နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

“ကျွန်တော်တို့ တွေ့မြင်တာကတော့ ဦးခေါင်းတွေ၊ နောက်ကျောတွေ၊ လက်တွေ၊ ပေါင်တွေမှာရသွားတယ်။ ရဲထွန်းက ဒဏ်ရာများများရသွားတယ်”ဟု ကူညီဆောင်ရွက်ပေးနေသူ ကိုဘက္ကာက ပြောသည်။

သို့သော်လည်း မောင်ရဲထွန်းမှာ အသက်အန္တရယ်မစိုးရိမ်ရကြောင်း စစ်တွေရှိ ပြည်သူ့ဆေးရုံး၌ ဆေးကုသပေးနေသည့် တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်ဟု ဦးလေးဖြစ်သူ ကိုမောင်ဝင်းယဉ်က DMG သို့ ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ အမ်း-စစ်တွေကားလမ်းနှင့် ရသေ့တောင်မြို့နယ်မှ ကျေးရွာအချို့တွင် တပ်မတော်မှ မိုင်းရှင်းလင်းရေးလုပ်ဆောင်လျှက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသခံအများစုမှာ တောတောင်များကို မှီခိုလုပ်ကိုင်စားသောက်နေသူများဖြစ်ပြီး မိုင်းအန္တရာယ်နှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသများ၌ မိုင်းနှင့်စစ်ကျန်လက်နက် ဆိုးကျိုးကြောင့် ထိခိုက်သေဆုံးမှုများလည်း အများအပြားရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အမ်းမြို့နယ်တွင် တောင်ပေါ်သို့ သလူခုတ်ရန်သွားသည့် အသက် (၄၂)နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းထိမှန်၍ ညာဘက်ခြေတစ်ချောင်းပြတ်ထွက်သွားပြီး လက်ရှိတွင် စစ်တွေဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသည်။

ရခိုင်ပြည်နယ်တွင် တပ်တော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေသည့် ၂ နှစ်တာ ကာလအတွင်း မိုင်းထိမှန်မှုနှင့် စစ်ကျန်လက်နက်ထိမှန်မှုတို့ကြောင့် သေဆုံးသူ ၃၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၆ ဦး အထိရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ ၂၀၂၀ စာရင်းအရသိရသည်။

ဗီဒီယိုများ