မြောက်ဦးရှေးဟောင်းဘုရားတောင်ပေါ်ကို အခြေပြုပြီး တိုက်ခိုက်မှုများမပြုလုပ်ဟု တပ်မတော်ပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ရှေးဟောင်းဘုရားတောင်ပေါ်ကို အခြေပြုပြီး တိုက်ခိုက်ပစ်ခတ်မှုများမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

By မြတ်ဝင်းကျော် 23 Jan 2020

မြောက်ဦးမြို့ ရှေးဟောင်းစေတီအနီး ဒီဇင်ဘာ ၁၃ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - Facebook)

ခိုင်ရိုးလ | DMG
ဇန်နဝါရီ ၂၃၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ရှေးဟောင်းဘုရားတောင်ပေါ်ကို အခြေပြုပြီး တိုက်ခိုက်ပစ်ခတ်မှုများမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော် တပ်မတော်စစ်သမိုင်းပြုတိုက်တွင် ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “ရှေးဟောင်းစေတီအနီးမှာ ဘာကြောင့်စခန်းချတာလဲ” ဟု မေးမြန်းမှုနှင့်ပတ်သက်ပြီး တပ်မတော်ဘက်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

 “ ဒါနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ မြောက်ဦးမှာ လုံခြုံစွာနေထိုင်နိုင်တဲ့ နေရာများရှိပြီးဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ ကျနော်တို့ လမ်းလုံခြုံရေးပဲဖြစ်ဖြစ်၊ မြို့လုံခြုံရေးပဲဖြစ်ဖြစ် ရှိလို့ ထွက်ပြီးတော့ ခေတ္တ အခြေပြုကောင်းအခြေပြုနိုင်ပါတယ်။ အခုနားကပြောသလို အဲဒီနေရာကို အခြေပြုပြီးတော့ ကျနော်တို့ဟာ တိုက်ခိုက်တာတွေ၊ ပစ်ခတ်တာတွေ၊ ပြီးရင် အခုနားက ပြောသလို မိုင်းနဲ့ပတ်သက်လို့ ကျနော်တို့မလုပ်ဘူးလို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောသည်။

ယင်းအဖွဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ ကလည်း မြန်မာနိုင်ငံတွင် ဘုရားစေတီများသည် တောင်ကုန်းများပေါ်တွင်သာရှိခြင်း၊ မြို့ကိုစိုးမိုးထားသည့် နေရာများတွင် တည်ထားကိုးကွယ်ကြသည်ဟု ပြောသည်။

“အဲလိုတည်ထားပြီး ကိုးကွယ်ကြတဲ့ဟာက တိုက်ဆိုင်စွာနဲ့ပဲ ကျနော်တို့ မြေကိုအသုံးချပြီး အကြမ်းဖက်တိုက်ခိုက်မှုနှိမ်နင်းတာပဲဖြစ်ဖြစ်၊ လုံခြုံရေးအရဆောင်ရွက်တာပဲဖြစ်ဖြစ် ဒီလိုတိုက်ဆိုင်မှုတွေ ဘယ်နေရာမှာမဆို ရှိပါတယ်” ဟု ၎င်းကဆက်လက် ပြောဆိုသည်။

ဘုရား၊စေတီတောင်ပေါ်တွင် တပ်မတော်ကနေရာယူသောကြောင့် ပျက်စီးသည်ဟု မစွပ်စွဲသင့်ကြောင်းနှင့် စွပ်စွဲချက်ကိုလည်း လက်မခံဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့တွင်ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတွင် တပ်မတော်က ရွာအလယ်ရှိ စေတီတောင်တွင် စခန်းချကာ ပစ်ခတ်မှုများရှိနေသည်ဟု အကြောင်းပြချက်ပေးကာ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများကို အကာအကွယ်ယူပြီး ပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ရန် အဆိုတင်သွင်းခဲ့သည်။

ယင်းအဆိုကို တပ်မတော်ဘက်ကလည်း ထောက်ခံဆွေးနွေးခဲ့ပြီး စက်တင်ဘာလ ၂၅ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ရက္ခိုင့်တပ်တော်(AA)ကလည်း ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ရပ်ရွာများကို အကာအကွယ်ယူပြီး တိုက်ပွဲများဖော်ဆောင်ခြင်းကို ပြုလုပ်သွားမည်မဟုတ်ဟု စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ