မောင်တောတွင် နယ်ခြားစောင့်ရဲတစ်ဦးထွက်ပြေးသည့်ကိစ္စဖြင့် ဒေသခံတစ်ဦးကို ဖမ်းဆီးထား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး ထွက်ပြေးသည့်ကိစ္စနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦး ဖမ်းဆီးခံထားရကြောင်း မိသားစုဝင်များကပြောသည်။

04 Dec 2021

DMG ၊ ဒီဇင်ဘာ ၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး ထွက်ပြေးသည့်ကိစ္စနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦး ဖမ်းဆီးခံထားရကြောင်း မိသားစုဝင်များကပြောသည်။

မောင်တောမြောက်ပိုင်းရှိ ဝေလာတောင်ကျေးရွာ နယ်ခြားစောင့်ရဲစခန်းတွင် တာဝန်ကျနေသည့် ဒုရဲအုပ်ကြည်ထွန်းထွက်ပြေးမှုတွင် မင်းခမောက်ကျေးရွာမှ ဦးမောင်ခင်လှ(၄၃)နှစ်ကို ဖမ်းဆီးသွားကြောင်း ဇနီးဖြစ်သူ ဒေါ်စိန်ယိုင်ကပြောသည်။

"ကျွန်မအိမ်ရှင်ကို ခမောင်းဆိပ်နယ်ခြားစောင့်စခန်းက ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၆ နာရီကျော်ကလာဖမ်းသွားကြတာပါ။ ဘာကြောင့်ဖမ်းလဲဆိုတော့ ဝေလာတောင်စခန်းက နယ်ခြားစောင့် ဒုရဲအုပ်တစ်ယောက်ကို ကျွန်မအိမ်ရှင်ရဲ့ညီဖြစ်သူက မောင်တောမြို့ကို ဆိုင်ကယ်နဲ့အငှါးလိုက်ပို့တဲ့အတွက်လို့ပြောပါတယ်"ဟု ဒေါ်စိန်ယိုင်က ဆိုသည်။

ဖမ်းဆီးခံထားရသူဦးမောင်ခင်လှမှာ မင်းခမောက်ကျေးရွာတွင် လယ်ယာလုပ်ကိုင်နေသူဖြစ်ပြီး ဖမ်းဆီးခံရသည့်နေ့မှစ၍ တွေ့ခွင့်မရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဦးမောင်ခင်လှ၏ ညီဖြစ်သူမှာ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့က နယ်ခြားစောင့်ရဲမှ ဆိုင်ကယ်ငှားသဖြင့် ဝေလာတောင်မှ မောင်တောသို့ လိုက်ပါပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများကပြောသည်။

"အဖမ်းခံထားရသူ ညီက ဆိုင်ကယ်ကယ်ရီသမား။ သူကဝေလာတောင်နဲ့မောင်တောကို ဆိုက္ကယ်အငှားလိုက်နေတာ။ သူမောင်တောကိုအပြန်မှာ နယ်ခြားစောင့်ဒုရဲအုပ်က ဆိုင်ကယ်ငှားပြီး မောင်တောမြို့ကိုလိုက်ပို့ခိုင်းတာ။ ထွက်ပြေးတာလား၊ ကိစ္စနဲ့သွားတာလား ဘယ်သိပါမလဲ။ အခု ဆိုင်ကယ်သမားရှာမရလို့ အစ်ကိုဖြစ်သူကိုဖမ်းထားတာ။ သူတို့မှာ ဘာအပြစ်မှမရှိဘူး"ဟု မင်းခမောက်ကျေးရွာမှ ဒေသခံ ကိုစံရွှေလှကပြောသည်။

လက်ရှိမှာ ဦးမောင်ခင်လှဖမ်းဆီးခံထားရသဖြင့် ညီဖြစ်သူ ဆိုင်ကယ်အငှားမောင်းသူမှာလည်း စိုးရိမ်၍ တိမ်းရှောင်နေရကြောင်း သိရသည်။

ဗီဒီယိုများ