မောင်တောတွင် ဝါးခုတ်သွားသည့် ဒေသခံနှစ်ဦး အမည်မသိအဖွဲ့ထံ ရိုက်နှက်ခံရမှုကြောင့် ဆေးရုံတင်ထားရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အောင်သုခကျေးရွာမှ ရွာသားနှစ်ဦးမှာ မေယုတောင်ခြေသို့ ဝါးခုတ်သွားစဉ် အမည်မသိအဖွဲ့၏ ရိုက်နှက်မှုကိုခံရကာ ဒဏ်ရာများဖြင့် မောင်တောဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

By ကျော်မျိုးအောင် 22 Jan 2021

ကျော်မျိုးအောင် | DMG
ဇန်နဝါရီ ၂၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အောင်သုခကျေးရွာမှ ရွာသားနှစ်ဦးမှာ မေယုတောင်ခြေသို့ ဝါးခုတ်သွားစဉ် အမည်မသိအဖွဲ့၏ ရိုက်နှက်မှုကိုခံရကာ ဒဏ်ရာများဖြင့် မောင်တောဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

အောင်သုခကျေးရွာသားနှစ်ဦးမှာ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ဝါးခုတ်သွားကြစဉ် လက်နက်ကိုင်အဖွဲ့ တစ်ခုက ဖမ်းဆီးရိုက်နှက်ပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းသိန်းထွန်းက ပြောသည်။

“ကျွန်တော်တို့ရွာက ဝါးသွားခုတ်ကြသူ နှစ်ဦးပါ။ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။ ရိုက်နှက်ပြီး ပြန်လွှတ်ပေးလိုက်တယ်။ ဒဏ်ရာပြင်းလို့ မောင်တောဆေးရုံကို ပို့ဆောင်လိုက်တယ်” ဟု ဆိုသည်။

ယင်းသို့ ဖမ်းဆီးရိုက်နှက်ခံခဲ့ရသည့် အောင်သုခကျေးရွာသားနှစ်ဦးမှာ ဦးကျော်ဇောအောင် ၅၃ နှစ်နှင့် ဦးမင်းသိုက်ထွန်း ၃၈ နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးသည် အိမ်ခြံစည်းရိုးထိုးရန် မေယုတောင်ခြေမှ ဝါးသွားခုတ်ကြခြင်းဖြစ်ပြီး အမည်မသိအဖွဲ့၏ ရိုက်နှက်မှုကြောင့် လက်ရှိမှာ ဆေးကုသမှုခံယူနေကြရသည်။

ကာယကံရှင် ဦးမင်းသိုက်ထွန်းက “ကျွန်တော်တို့နှစ်ဦးက မနက် ၁၀ နာရီလောက်မှာ မေယုတောင်ခြေအနီး ဝါးသွားခုတ်တာ။ လက်နက်ကိုင်ထားတဲ့ မွတ်ဆလင်နှစ်ဦးရောက်လာပြီး သေနတ်နဲ့ချိန်ပြီးဖမ်းသွားတယ်။ နောက် သူတို့အဖွဲ့က သုံးဦးနဲ့ထပ်တွေ့တော့ ကျွန်တော်တို့နှစ်ဦးလုံးကို သေနတ်ဘောင်နဲ့ရိုက်တယ်။ ဝါးချွန် တွေနဲ့ထိုးတယ်။ ကျောကုန်းတွေကိုပြေးကန်တယ်” ဟု ပြောပြသည်။

ယင်းနောက် ၎င်းတို့နှစ်ဦးမှာ နေ့လည်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြပြီး ဦးကျော်ဇောအောင်မှာ လက်ရှိ သတိမရတစ်ချက်၊ ရတစ်ချက်ဖြစ်နေသည်။ ဦးမင်းသိုက်ထွန်းမှာ ခြေသလုံး၌ ဝါးချွန်ထိုးဒဏ်ရာနှင့် ညာဖက်လက်မောင်း လှုပ်ရှား၍မရသည့် ဒဏ်ရာများဖြင့် မောင်တောဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြသည်။

ပြီးခဲသည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းကလည်း မောင်တောမြို့နယ်၊ ဥဒေါင်းကျေးရွာရှိ ပုဇွန်ကန်တွင် လုပ်ကိုင်နေသည့် မွတ်ဆလင်အမျိုးသားငါးဦးမှာ အမည်မသိအဖွဲ့တစ်ခု၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီး ၁၀ ရက်အကြာတွင် ပြန်လည်လွှတ်မြောက်လာခဲ့သည်။

ဗီဒီယိုများ