မြေပုံမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတစ်ဦးကို တပ်နှင့်ရဲမှ ခေါ်ဆောင်သွား၊ ကျန် ကျေးရွာအုပ်ချုပ်ရေးမှူးများ စိုးရိမ်

ရခိုင်ပြည်နယ်၊ မြေပုံမြို့မှ မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးကို တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်တချို့ ပူးပေါင်းကာ နေအိမ်မှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီးနောက် ကျန်ကျေးရွာအုပ်ချုပ်ရေးမှူးများမှာလည်း စိုးရိမ်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

By အောင်ထိန် 04 Jun 2020

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ဖမ်းဆီးစစ်ဆေးခံရမှုများကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်များမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တာဝန်မှ နှုတ်ထွက်ရန် သက်ဆိုင်ရာဌာနသို့ စာတင်ခဲ့ကြသည်။

အောင်ထိန် | DMG
ဇွန် ၄ ၊ မြေပုံ

ရခိုင်ပြည်နယ်၊ မြေပုံမြို့မှ မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးကို တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်တချို့ ပူးပေါင်းကာ နေအိမ်မှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီးနောက် ကျန်ကျေးရွာအုပ်ချုပ်ရေးမှူးများမှာလည်း စိုးရိမ်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

ဇွန်လ ၃ ရက်နေ့ ည (၉)နာရီခွဲတွင် မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းမှာ နေအိမ်၌အိပ်နေစဉ် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် တပ်မတော်သား ၄ ဦးတို့က ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီးအုပ်ချုပ်ရေးမှူးအား မေးမြန်း စရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ကြောင်း သားဖြစ်သူ ကိုအောင်အောင်နိုင်က DMG သို့ ပြောသည်။

“သူတို့က ဆိုင်ကယ်နဲ့လာပြီးတော့ ကျနော့်အဖေအိပ်နေတာကို ထလို့ပြောတယ်။ ပြီးတော့ မြေပုံမြို့ အလယ် ပိုင်းက အုပ်ချုပ်ရေးမှူးကိုသိလားလို့မေးတယ်။ အဖေက သိတယ်လို့ဖြေလိုက်တာနဲ့ မှတ်ပုံတင်သွားယူလိုက်၊ ခဏလေးလိုက်ခဲ့ဆိုပြီး ခေါ်သွားတာ အခုချိန်ထိ ပြန်မရောက်သေးဘူး”ဟု ကိုအောင်အောင်နိုင်က ဆိုသည်။

လက်ရှိမှာ ဦးအောင်သန်းအား မြေပုံမြို့နယ် စစ်ဘက်ရေးရာလုံခြုံရေးရဲတပ်ဖွဲ့(စရဖ)ရုံး၌ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကာ ၎င်းအား အမှုဖွင့်လှစ်ဆောင်ရွက်ရန် ရှိ၊ မရှိကို မသိရသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“ဒီကနေ့ မြို့နယ် (စရဖ)ရုံးမှာ စစ်နေတယ်လို့ သိရတယ်။ အရင် အုပ်ချုပ်ရေးမှူး နှစ်ယောက်ကိုတော့ တရားစွဲထား တယ်။ သူ့ကိုလည်း အဲဒီအတိုင်းပဲ တရားစွဲမှာလား၊ မစွဲဘူးလားမသိရသေးဘူး ” ဟု ဦးဖေသန်းက ဆိုသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ အငူရွာသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်နှင့် ရွာသစ်ကေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ကို ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများမှ ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(ခ)တို့ဖြင့် အမှုဖွင့်လှစ်ထားသည်။

လက်ရှိ မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်း စစ်ဆေးခံနေရသည်မှာ တစ်ရက်နီးပါးကြာမြင့် နေပြီဖြစ်သော်လည်း ယနေ့အထိ အိမ်ပြန်မရောက်သေးသဖြင့် မိသားစုဝင်များမှ စိုးရိမ်နေကြသည်။

ယင်းသို့ ဦးအောင်သန်း စစ်ဆေးခံနေရသည့်ကိစ္စနှင့်ပတ်သက်ပြီး မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်ကို DMG က တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ထို့အပြင် မြေပုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအောင်သန်းဇော်ကိုလည်း ဆက်သွယ်ခဲ့ရာတွင် ဖုန်းကိုင်သူ တစ်ဦးက “စခန်းမှူး အစည်းဝေးသွားတယ်”ဟု တုန့်ပြန်ခဲ့သည်။ ယင်းကြောင့် ဦးအောင်သန်း စစ်ဆေးခံနေရသည့်ကိစ္စမှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို DMG အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယခုကဲ့သို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စစ်ဆေးခံရခြင်း၊ ဖမ်းဆီးတရားစွဲဆိုခံရခြင်းများ ရှိလာသဖြင့် မြေပုံ မြို့နယ်အတွင်းမှ အခြားရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှာလည်း စိုးရိမ်မှုများကြောင့် တိမ်းရှောင်လျက်ရှိနေကြသည်။

မြေပုံမြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးတစ်ဦးက “အခုလို အုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးနေမယ်ဆိုရင် ကျွန်တော်တို့ကလည်း နိုင်ငံတော်ကပေးအပ်တဲ့တာဝန်ကို ဘယ်လိုထမ်းဆောင်နိုင်မှာလဲ။ အကြောက်တရားတွေ လွှမ်းမိုးပြီးတော့ တာဝန်ကလည်း နှုတ်ထွက်ချင်တဲ့ ဆန္ဒတွေပြင်းပြလာတယ်” ဟု ပြောသည်။

ယင်းသို့ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်သွားမည်ဆိုပါက တရားဥပဒေစိုးမိုးရေး ပျက်စီးကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလည်း လျော့နည်းသွားနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်သည်။

“ကျေးလက်တွေမှာက ဖွ့ံ့ဖြိုးရေးလုပ်ငန်းတွေကို အစိုးရနဲ့ အုပ်ချုပ်ရေးမှူးတွေက ချိတ်ဆက်လုပ်ဆောင်နေကြ တယ်။ တကယ်လို့ အုပ်ချုပ်ရေးမှူးတွေ တာဝန်ကနှုတ်ထွက်သွားရင် ဒေသ တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေ အားနည်းသွားမယ်။ ဒီလို အခြေအနေမျိုးမှာ အစိုးရအနေနဲ့ ထိန်းသိမ်းကိုင်တွယ်ဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ကာလအတွင်း အေအေနှင့် ပတ်သက်ဆက်သွယ်သည်ဆိုသည့် သံသယဖြင့် အရပ်သားများအပါအဝင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများပါ ဖမ်းဆီးစစ်ဆေးခံရမှုများ ရှိနေသည်။

ယင်းကဲ့သို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဖမ်းဆီးစစ်ဆေးခံရမှုများကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်များမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တာဝန်မှ နှုတ်ထွက်ရန် သက်ဆိုင်ရာဌာနသို့ စာတင်ခဲ့ကြသည်။

ဗီဒီယိုများ